နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဥ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဥ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၆

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန် အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုး စီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်း အချက် အလက် များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော် (ရေ)အား အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ယနေ့တွင်စတင်ဖွဲ့စည်းခဲ့ရာ တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ် သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဥ်အရ တပ်မတော်(ရေ)မှလွှဲပြောင်းပေးမည့် စစ်ရေယာဉ် ၄ စီးမှ အရာရှိ၊ စစ်သည်များသည် စစ်ရေယာဥ်များပေါ်မှထွက်ခွာ၍ မြန်မာနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များက ရေယာဥ်များပေါ်တွင် အသီးသီး နေရာယူကြသည်။ ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က မြန်မာနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက ကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံသို့ ရေယာဥ်များနှင့်ပတ်သက်သော စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ၎င်းနောက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (Department of Marine Administration)မှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့်ညွှန်ကြားရေးမှူးချုပ်ထံသို့ ကမ်းခြေစောင့် တပ်ဖွဲ့နှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့် ရေယာဥ် စုမှူးထံသို့တပ်ဖွဲ့အလံများပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က စစ်ရေယာဥ်များ လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် စစ်ရေယာဥ်ပုံစံ ငယ်များကို ဂါရဝပြု ပေးအပ်သည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းမိန့်နှင့် ရေယာဥ်များအား ကမ်းခြေစောင့် တပ်ဖွဲ့ တပ်တော်ဝင်ရေယာဥ်များအဖြစ် ကြေညာ ခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင်အခမ်းအနား လုပ်ငန်းစဥ်များအား အစီအစဥ်အတိုင်းဆောင်ရွက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ဆင်ရေး၊ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်ရေယာဥ်တပ်ပေါင်းစု ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများနှင့် စစ်ရေယာဥ်စုများအလိုက်ပြုလုပ်သည့် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြြပီး ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ရေယာဥ်များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် စစ်ရေယာဥ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြု တပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ခံယူနေစဥ် စစ်ရေယာဥ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဥ်(ရန်ကြီးအောင်)တို့မှ အမြောက်(၂၁) ချက်ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ဂုဏ်ပြုအလေးပြုကြသည်။

၎င်းနောက် ဖရီဂိတ်စစ်ရေယာဥ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ် စစ်ရေယာဥ်(ဆင်ဖြူရှင်)၊ကော်ဗက်စစ်ရေယာဥ်(တပင်ရွှေထီး)နှင့်အမြန်သွားတိုက် ခိုက်ရေး ရေယာဥ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ချီတက် အလေးပြုပြီး တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၃ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဥ် ၁ စင်း နှင့် ပင်လယ်ရေကြောင်း ကင်းထောက် လေယာဥ် ၂ စင်းတို့က အုပ်စုဖွဲ့မြှားခေါင်းပုံစံဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေး လေယာဥ် ၃ စင်းတို့က Vic Formation ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြ ပျံသန်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြု ပစ်ခတ် ထားသည့် ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဥ်၊ လေယာဥ်၊ ရဟတ်ယာဥ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် ကမ်းခြေစောင့်ရေယာဥ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံ ရယူကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည် များ တွေ့ဆုံ၍ ယနေ့သည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်သည့်နေ့ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်းဝင် မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အချက်အခြာရေလမ်းကြောင်းများ၊ ဒီရေလမ်းကြောင်းများကို ထိန်းချုပ်နိုင်သည့် Choke Point များ တည်ရှိသည့်အတွက် မြန်မာ့ပင်လယ်ပြင် သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုအကြား မဟာဗျူဟာကျကျ တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

မိမိတို့ပင်လယ်ပြင်သည် သက်ရှိ၊သက်မဲ့သယံဇာတ အရင်းအမြစ်များ ကြွယ်ဝ ပြီး ဒေသတွင်းမဟာဗျူဟာကျစွာ တည်ရှိနေသည့်အတွက် နိုင်ငံတော်၏ အကျိုး စီးပွားဖော်ဆောင်ရန် အခွင့်အလမ်းနယ်မြေတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်(ရေ)နှင့်အတူ ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး (Maritime Security) ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေ စောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်းပင်ဖြစ်ကြောင်း။

ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့မရှိသည့်အတွက် ၎င်း တာဝန်များကို တပ်မတော်(ရေ)က ပူးတွဲဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့ အချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေးကဏ္ဍ(Constabulary Role)၊ လူသားချင်းစာနာမှု အကူအညီ ပေးရေးကဏ္ဍ(Benign Role)များကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရေကြောင်းအကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ကုန်းမြေဧရိယာ ၂၆၁,၂၂၈ စတုရန်းမိုင်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄,၉၁၂ စတုရန်းမိုင်ခန့်ပိုင်ဆိုင်ပြီး ရေပြင်ဧရိယာအနေဖြင့် စုစုပေါင်းဧရိယာ၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ကျွန်းပေါင်း ၁,၄၀၀ ကျော်ရှိပြီး သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့်အလမ်းများ များစွာရှိကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ ကမ်းရိုး တန်းနှင့် ပိုင်နက်ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင်အားနှင့် ပင်လယ်ပြင်ရေကြောင်းခရီးသွား လုပ်ငန်း Marine and Coastal Tourism လုပ်ငန်းအတွက် အခြေခံကောင်းများစွာ ရှိသည်ကို တွေ့ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားရမည် ဖြစ်ကြောင်း။

ထို့အပြင် ကမ်းရိုးတန်းတစ်လျှောက်၌ အလားအလာကောင်းသည့် ရေနက်ဆိပ်ကမ်းများရှိပြီး နိုင်ငံတကာကုန်သွယ်ရေး ရေလမ်းကြောင်းများ ဖြတ်သန်းလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ရေပြင်နှင့် ဆက်စပ်ပင်လယ်ပြင်တွင် ရှိသည့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) လုံခြုံရေးနှင့် မိမိတို့ ရေနက်ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ပေး ကြရ မည်ဖြစ်ကြောင်း။

မိမိတို့ပင်လယ်ပြင်သည် ငါးသယံဇာတ အမြောက်အများရှိပြီး တိုင်းရင်းသား ပြည်သူလူထုအတွက် အစားအစာ လုံခြုံမှု Food Security ကို အဓိကပံ့ပိုး ပေးလျက်ရှိကြောင်း၊ ပင်လယ်ပြင်တွင် ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ပင်လယ် ပြင်တွင် တရားမဝင် ငါးခိုးဖမ်းဆီးမှုများကိုလည်း စစ်ဆေးရှာဖွေဖမ်းဆီး ထိန်းသိမ်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အခြေပြုစီးပွားရေး လုပ်ငန်းများ (Ocean Based Economy)တစ်နည်းအားဖြင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်း (Blue Economy)များဖြစ်သည့် ရေကြောင်းခရီးသွားလုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင် ဖြတ်သန်းဝင်ရောက်မှု မရှိစေရေး နှင့် ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ပေးရန်အတွက် ယနေ့ ကမ်းခြေ စောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့တပ်မတော်သည် ပြည်သူလူထုအရေးကို ရှေးရှုပြီး ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးအပါအဝင် လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေး ဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ပင်လယ်ပြင် အတွင်း မှ ဒုက္ခသည် ၄,၀၀၀ ကျော်ကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် Covid-19 ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပို့ပလဲယားတို့တွင် ကာလ ကြာရှည်စွာ ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသား ၁,၁၅၀ ကျော်ကိုလည်း စစ်ရေယာဥ် များ စေလွှတ်ပြီး ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့သောတာဝန်များ ကို ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တပ်မတော်(ရေ)နှင့်ပူးပေါင်းပြီး ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ တိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပေးလိုက်ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့ဆိုင်ရာမျှော်မှန်းချက်အမြင်(Vision)၊ ရည်မှန်းချက် တာဝန်(Mission)များ သတ်မှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ရည်မှန်းချက် တာဝန်များနှင့် ကိုက်ညီ မည့် တပ်ဖွဲ့ဆောင်ပုဒ်ကိုလည်း သတ်မှတ်ပေးလိုကြောင်း၊ ယင်းဆောင်ပုဒ်မှာ “Guard, Protect and Save Our Sea” “စောင့်ရှောက် ကာကွယ် ဒို့ပင်လယ် ” ပင်ဖြစ်ကြောင်း၊ မိမိတို့မြန်မာ့ပင်လယ်ပြင်နှင့် အကျိုးစီးပွားများကို စောင့်ရှောက် ကာကွယ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဥ်များ တပ်တော်ဝင် အခမ်းအနားသို့ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဥ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews