ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား ထပ်မံဖမ်းဆီးရမိ

ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာလ- ၆

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူ၊ မင်းဆက်မှူး တို့အပါအဝင် ဆက်စပ်တရားခံ ကျား(၂၀)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၂၃) ဦး ဖော်ထုတ်ဖမ်းဆီးရမိမှုအား စက်တင်ဘာလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၄ ရက်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းရှိ Gold Sticker ဆိုင်ရှေ့၌ ဆက်စပ် တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး (၂၀)နှစ်အား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၏ ထွက်ဆိုချက်အရ ၎င်းသည် မေလ ၁၄ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ မော်လမြိုင်ဘောတံတားအနီးတွင် အပြစ်မဲ့ပြည်သူ ဦးဖေသန်း အား ဒလန်ဟုစွပ်စွဲကာ လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ အောင်ခိုင် မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် မင်းဆက်မှူး (ခ) ကိုမှူး၊ ထွန်းထွန်းဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော ဌေးလွင်ဖြိုး(ခ)အာလူး၊ ဆက်ပိုင်၊ ဆံရှည်၊ သားကြီး(ခ)ဆူကီ၊ သားကြီး၊ စိုးမိုးထိုက်(ခ)ထိုက်ထိုက်၊ သက်ဦး၊ မောင်သက်(ခ)ဂျပု၊ ကိုပိုင်၊ နောင်အောင် တို့နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ်လ ၂၉ ရက်တွင် တိုင်းဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဌာန၊ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဝေလင်းအောင်တို့ ၂ ဦးအား ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်းရှိ တိုင်းဒေသကြီးတိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်း အနောက် ဘက်တွင် သက်ဦး၊ မင်းဆက်မှူးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ အောင်ပိုင်ဦး တို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၀ ရက်တွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေတောင်စားဘုရားလမ်း၊ “မလိငပိ”ဈေးဆိုင်ရှေ့တွင် ဘုမ္မော်ရပ်ကွက်စာရေးတာဝန် ထမ်းဆောင်သူ ဒေါ်စန်းစန်းဝေ (၅၇)နှစ်အား ရာဇာထွန်း မှ ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ) ကိုမှူး၊ ထွန်းထွန်းဦး၊ ကောင်းကောင်း (ဖမ်းဆီး ရန်ကျန်)တို့နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ရန်နှင့် ဒေသတွင်းဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် အဓိကစီစဉ် ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ်၊ မဲဆန္ဒနယ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ မိုးမိုးသူ(ဖမ်းဆီးရန်ကျန်)နှင့် NLD ပါတီမှ ထားဝယ်မြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဇော်လေး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။ 

Post a Comment

0 Comments

Total Pageviews