အမျိုး၊ ဘာသာ၊ သာသနာ စကားလုံးကြားလျှင် ရန်သူသဖွယ်ဖြစ်နေမှုရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

 အမျိုး၊ ဘာသာ၊ သာသနာ စကားလုံးကြားလျှင် ရန်သူသဖွယ်ဖြစ်နေမှုရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော 

 ရန်ကုန်၊ အောက်တိုဘာ ၂၅

အမျိုး၊ ဘာသာ၊ သာသနာ စကားလုံးကြားလျှင် ရန်သူသဖွယ်ဖြစ်နေသည့်ကိစ္စများရှိနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောဆိုလိုက်သည်။ 

ယမန်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၂ပါတီတို့ သြဂုတ်လ ၁၄ရက်နေ့ တွေ့ဆုံစဉ်က ပြောကြားခဲ့သော ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းဆိုင်ရာ မူဝါဒ ၆ချက်နှင့် ပတ်သက်ပြီး မြဝတီသတင်းစာတွင် ဖယ်ရှားပေးလိုက်ခြင်းသည် အဖွဲ့အစည်း ၂ခုကြား ပွတ်တိုက်မှု မဖြစ်ပွားစေလိုခြင်းကြောင့်ဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာစကားကြားလျှင် ရန်သူသဖွယ်ဖြစ်နေကြောင်း အောက်တိုဘာလ ၂၄ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုသည်။

“ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မူဝါဒ ၆ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့တယ်။ ပြောခဲ့တဲ့အခါမှာတော့ UEC ကနေပြီးတော့ကျ မီဒီယာကောင်စီကို ကန့်ကွက်ခဲ့တယ်။ မီဒီယာကောင်စီကို ကန့်ကွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ကျ သွားရောက်ပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး မီဒီယာကောင်စီနဲ့ သွားတွေ့ပါတယ်။ သွားတွေ့ပြီးတော့ ကျွန်တော်တို့ အနေနဲ့ မထည့်တော့ဘူးဆိုပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီမူဝါဒ ၆ချက်နဲ့ ပတ်သက်ပြီးတော့ကျ ပြန်ပြီးသုံးသပ်ကြည့်ရင် အဲထဲမှာ ဘာမှ မည်သည့်ဟာကို ငြိစွန်းတယ်လို့ ကျွန်တော်တို့ ဘာကိုဆိုလိုမှန်းမသိဘူး။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျ သိပ်ပြီးတော့ Institution နှစ်ခုကြားထဲမှာ ထပ်ပြီးတော့ ပွတ်တိုက်မှုတွေ မဖြစ်ပွားစေချင်တဲ့အတွက် ကျွန်တော်တို့ ဒါရပ်တန့်ပေးလိုက်ခြင်းပဲဖြစ်တယ်။ ကျွန်တော်မြင်တာတော့ အဲထဲမှာတော့ အားလုံးသိပြီးသားဖြစ်မှာပဲ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်မယ့်လူေတွ ဒေသအကျိုး တိုင်းပြည်အကျိုး သေချာဆောင်ရွက်နိုင်မယ့်လူတွေ ပြီးရင်တော့ သူတို့ထောက်ပြတာ တစ်ခုရှိပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက် နိုင်မယ့်သူ အဲဒီ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့ ဘယ်အမျိုး၊ ဘယ်ဘာသာ၊ ဘယ်သာသနာ လို့ကျွန်တော်တို့ပြောထားတာ မရှိဘူး။ သက်ဆိုင်ရာအမျိုး၊ သက်ဆိုင်ရာဘာသာ၊ သက်ဆိုင်ရာသာသနာကိုပဲ ဆိုလိုခြင်းဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဝိသေသထူး အဲထဲမှာ တပ်ထားတာမရှိဘူး။ ဒါကိုပဲ တခါတလေမှာလည်း အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားလုံးကြားရင်ကိုပဲ ဘယ်လိုပြောမတုန်း တကယ့်ရန်သူသဖွယ်လိုမျိုး ဖြစ်နေတဲ့ကိစ္စမျိုးလည်းရှိတယ်” ဟု ၎င်းကပြောဆိုသည်။



တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ ၆ချက်ကို မြဝတီသတင်းစာတွင် ဆက်တိုက်ဖော်ပြခဲ့ခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပြီး မြဝတီ သတင်းစာတိုက် တာဝန်ရှိသူများကို သတင်းမီဒီယာကောင်စီခေါ်ယူတွေ့ဆုံခဲ့ကာ ပြန်လည်ဖြုတ်ချပေးခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် အငြင်းပွားစရာမရှိကြောင်း၊ ယင်းမူဝါဒ ၆ချက်သည် စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းမှုမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ပါ နိုင်ငံသား တစ်ဦးအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။

“ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာတော့မရှိဘူး။ အဲအတွက်ကျ တပ်မတော်အနေနဲ့ကတော့ ကျွန်တော်တို့ပြောပြီးသားဖြစ်တယ်။ တပ်မတော်သားတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကျ ရွေးကောက်ပွဲကော်မရှင်ကနေပြီးေတာ့ကျ တပ်မဲရုံးတွေ အပြင်ထုတ်မယ်ပြောတယ်။ တပ်မတော်အနေနဲ့ကတော့ တည်ဆဲစည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုပြီးပြောပါတယ်။ အခုချိန်မှာဆိုလည်း တပ်ကမဲရုံတွေ အပြင်မှာပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ပြီးရင် ဒီ ၆ချက်နဲ့ ပတ်သက်ပြီးလည်း ပြောတာမျိုးရှိတယ်။ ငြိစွန်းတာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြန်ပြီးအကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အများကြီးအကြောင်းမပြဘူး။ ကျွန်တော်တစ်ခုပဲပြောမယ်။ နိုင်ငံသားများရဲ့ အခြေခံဥပဒေ အခန်း ၁၂မှာပါတဲ့ နိုင်ငံသား တစ်ဦးစီရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေမှာပဲ ပြန်ကြည့်လိုက်ပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ကျွန်တော်မပြောဘူး။ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေမှာ ခင်ဗျာတို့ ပြောနေတဲ့ ဘာမှမထိခိုက်ဘူးပြောတဲ့ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ရှိသည်လို့ ပြောပြီးသားဖြစ်တယ်။ အခြေခံတာဝန်ပဲ အခြေခံရပိုင်ခွင့်ပဲ အခြေခံ Right ပဲ အဲဒီအခြေခံ Right နဲ့ပတ်သက်ပြီး ကန့်သတ်ခြင်းမရှိစေရ ဘယ်ကိစ္စဘယ်ကိစ္စတွေမှ ကန့်သတ်ခြင်းမရှိစေရ ပါပြီးသားဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး အကျယ်ချဲ့ပြီး သိပ်မပြောလိုပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ကျ တပ်မတော်အနေနဲ့ကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းပဲဖြစ်တယ္”

ကာကွယ်ရေးဦးစီးချုပ် ပြောဆိုခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းဆိုင်ရာ မူဝါဒ ၆ချက်မှာ နိုင်ငံနှင့် ဒေသကို လက်တွေ့အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကိုနည်းမှန် လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်းများ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက်များဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ အမျိုး ၊ဘာသာ၊သာသနာ၊ ပညာစောင့်ရှောက်ရေး ဦးတည်ချက်ဖြင့် ဖွဲ့စည်းထားသော YMBA က ချီးမြှင့်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်” ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ခံရယူစဉ်။

Post a Comment

0 Comments

Total Pageviews