အမရပူရမြို့နယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

အမရပူရမြို့နယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ 

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ 

NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ် ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် အမရပူရမြို့နယ်၊ မြစ်လောင်း ကျေးရွာအနီး၌ အမရပူရမြို့နယ်၊ ဥယျာဉ်တော်အုပ်စု၊ သရက်တန်းကျေးရွာနေသူ ထိန်ဝင်းအောင်(ခ) တေဇ(၂၇)နှစ်နှင့် ဖြိုးကျော်(ခ)ကျော်ကြီး(၂၁)နှစ်တို့ ၂ ဦးအား ပစ္စတို ၁ လက်၊၉ မမ ကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓားမြှောင် ၁ ချောင်း၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ တရားခံ ၂ ဦး၏ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ တမုတ်ဆိုး ကျေးရွာအုပ်စု၊ သာလှအေးကျေးရွာတောင်ဘက်၊ ဆင်ရွာကျေးရွာနေ ဦးမြငွေ ပိုင်ဆိုင်သော ကွင်းအမှတ်-၅၇၀(ခ)၊ ပေါက်အင်းကွင်းရှိ လယ်တဲတွင် လက်လုပ်မိုင်း များနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေရာ တူမီးလက်လုပ် သေနတ် ၂၃ လက်နှင့် လက်လုပ်မိုင်း ၁ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ထိန်ဝင်းအောင်(ခ)တေဇ နှင့် ဖြိုးကျော်(ခ)ကျော်ကြီး တို့ ၂ ဦးသည် ဧပြီလအတွင်း KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီးတွင် အကြမ်းဖက်ဖောက် ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ ၂ ဦး၏ထွက်ဆိုချက်အရ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် ဝင်းထွန်း(ခ)မင်းသန်းကျော် မှ မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား အင်အား ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ တရားခံ ထိန်ဝင်းအောင်(ခ)တေဇနှင့် တရားခံ ဖြိုးကျော်(ခ) ကျော်ကြီးသည် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်မှုအနေဖြင့်-

 အောက်တိုဘာလ ပထမပတ်တွင် ဝင်းထွန်း(ခ) မင်းသန်းကျော်၏ စေခိုင်းမှုဖြင့် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီး မှ ဆိုင်ကယ်မောင်းနှင်၍ တရားခံ ထိန်ဝင်းအောင်(ခ)တေဇမှ နောက်မှလိုက်ပါလျက် အမရပူရမြို့နယ်၊ စားတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကိုမျိုး(ခ)ငမျိုး အားဒလန်ဟု စွပ်စွဲ၍ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်၍ လုပ်ကြံခဲ့ကြောင်း။

 အောက်တိုဘာလ ၅ ရက်တွင် မြစ်ငယ်မြို့၊ နှင်းဆီရပ်ကွက်နှင့် သဇင် ရပ်ကွက်လမ်းဆုံ၌ မြန်မာ့မီးရထားလူစီးတွဲနှင့်ကုန်တွဲစက်ရုံမှ လက်ထောက် အင်ဂျင်နီယာ(လျှပ်စစ်) ဦးစံထွန်းမြိုင် အား အောင်ခန့်ကျော်မှ ဆိုင်ကယ် မောင်းနှင်၍ ဝင်းထွန်း(ခ)မင်းသန်းကျော် နောက်မှထိုင်လိုက်ပါပြီး ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

 နိုဝင်ဘာလ ၄ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ ၂ ဦးမှ အမရပူရမြို့နယ်၊ တဲနံ့သာကျေးရွာ၊ ရစဖမှူး၏ သားမက်ဖြစ်သူ ချစ်ကို အား ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ် လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။

 နိုဝင်ဘာလ ၁၃ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ ၂ ဦးမှ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာနေ အပြစ်မဲ့ ပြည်သူ စိုးသူအား ဒလန်ဟုစွပ်စွဲ၍ ဆင်ရွာမြင်းမူကျေးရွာအဝင်လမ်း အနီးတွင် ပစ္စတိုဖြင့် ၄ ချက်ခန့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

 နိုဝင်ဘာလ ၁၆ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ ၂ ဦးမှ မြစ်ငယ်တိုးဂိတ်အကျော် Denko ဆီဆိုင်အနီး ထုံးဖို လမ်းတွင် မကျည်းချိုကျေးရွာနေအပြစ်မဲ့ပြည်သူ ညီညီလွင်အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၂၈ သိန်းတို့အား ယူဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ထို့ပြင် မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဝင်းထွန်း(ခ) မင်းသန်းကျော် နှင့် ငရဲ(ခ)ကုလား တို့ ၂ ဦးသည် အောက်တိုဘာလ ၂၂ ရက်တွင် အမရပူရမြို့နယ်၊ သရက်တန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။ 

Post a Comment

0 Comments

Total Pageviews