ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် RFA သတင်းဌာနအင်တာဗျူး

 ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် RFA သတင်းဌာနအင်တာဗျူး

RFA မှ မေး

၁။ အာရှပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့စစ်အင်အားကြီးထွားမှုကို ထိန်းချုပ်ဖို့ အတွက် ဩစတြေးလျ၊ အမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့ပူးပေါင်းပြီး အောကတ်စ်(Aukcus)လို့ ခေါ်တဲ့ သမိုင်းဝင်မဟာမိတ်စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။ ဒီစာချုပ် အရ သြစတြေးလျ နိုင်ငံက နျူကလီးယားစွမ်းအင်နဲ့မောင်းနှင်တဲ့ ရေငုပ်သင်္ဘောတွေကို ပထမဆုံးအကြိမ် တည်ဆောက်နိုင်မှာဖြစ်ပြီး နည်းပညာကိုတော့ အမေရိကန်က ပေးမှာပါ။ ဒါဟာ အာရှ ပစိဖိတ်ဒေသအတွင်း လုံခြုံရေး ပိုကောင်းဖို့အတွက်လို့ Aukcus အဖွဲ့ဝင်နိုင်ငံတွေက ဆိုပါတယ်။ မြန်မာအစိုးရရဲ့ အမြင်ဘယ်လိုရှိပါသလဲ? တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု အနေနဲ့ ဒီကိစ္စကိုထောက်ခံပါသလား? ဒါမှမဟုတ် သဘောမတူဘူးလား?



ဖြေ။ အာရှ-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ မော်စကိုမှာကျင်းပခဲ့တဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးညီလာခံ(9th MICS)မှာ မြန်မာနိုင်ငံရဲ့ သဘောထားကို ပြောပြီးဖြစ်ပါတယ်။ အဲဒီညီလာခံမှာ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ “ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အာရှ-ပစိဖိတ်ဒေသအရေးအားဆွေးနွေးခြင်း ” ( The Asia-Pacific in the content of Global Politics) ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ပါတယ်။ ဒီဒေသဟာ ကမ္ဘာ့စီးပွား ရေးဈေးကွက်ရဲ့ သုံးပုံ တစ်ပုံခန့်ပိုင်ဆိုင်ထားပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုး ကုန်စည် စီးဆင်းလျက်ရှိပါတယ်။ ကမ္ဘာ့ရေနံထွက်ကုန် ၈၀ ရာခိုင်နှုန်းခန့်ဟာ အိန္ဒိယသမုဒ္ဒရာက တစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း မလက္ကာရေလက်ကြားက ဖြတ်သန်းသွားလျက်ရှိပါတယ်။ ဒါ့ကြောင့် ဒီဒေသဟာ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအရ အရေးပါလာပြီး ကမ္ဘာ့စီးပွားရေးဗဟိုချက် (World’s Economic Center of Gravity) ဖြစ်လာတဲ့အပြင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ် (New World Political Order)မှာလည်း မဟာဗျူဟာမြောက် အရေးပါတဲ့ဒေသတစ်ခုအဖြစ် သတ်မှတ်လာကြပါတယ်။ ဒါတွေက ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေတွေပေါ်မူတည်ပြီး ဒီဒေသအပေါ်လွှမ်းမိုးဖို့ ပြင်ပ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးအချို့က ကြိုးပမ်းလာကြပါတယ်။ ဒေသတွင်းအုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုအကြား ပြိုင်ဆိုင်မှုမြင့်မားလာတာဟာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအဖြစ် ဖြစ်ပေါ်လျက်ရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်။ ဒေသတွင်းအုပ်စုဖွဲ့မှု၊ စစ်ရေးချဲ့ထွင်လာမှု၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ စီးပွားရေးပြိုင်ဆိုင်မှုနဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေဟာ ဒေသတွင်းပဋိပက္ခကို ကြီးထွားလာနိုင်ပါတယ်။ 

ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးအနေနဲ့ မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင် မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လိုအပ်သလို ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ဒါကို တလွဲယူဆပြီး အင်အားပြခြိမ်းခြောက်မှုတွေနဲ့ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးမယ့်အပြုအမူတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရပ်ဝန်းနဲ့လမ်းကြောင်းစီမံကိန်း(OBOR) ဟာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောရေးကို အားပေးလျက်ရှိ ပါတယ်။

အင်အားကြီးနိုင်ငံအချို့ဟာ တရုတ်ထိန်းချုပ်ရေးပေါ်လစီ(China Containment  Policy) အပေါ် နှုတ်အားဖြင့် ငြင်းဆန်ပေမယ့် လက်တွေ့အားဖြင့် အစဉ်တစိုက် ပြုလုပ်လျက်ရှိပါတယ်။ ခုလည်း အောကတ်(စ်) (AUKUS) အဖွဲ့ဖွဲ့စည်း လုပ်ဆောင်ခြင်း၊ စစ်လက်နက်ထောက်ပံ့ခြင်းဟာ ဒီကိစ္စကို လက်တွေ့ အကောင် အထည်ဖော်တာပဲ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသအတွင်း အင်အားပြိုင်ဆိုင် မှုကိုပြုလုပ်ပြီး ဒေသတွင်း မတည်ငြိမ်မှု၊ မလုံခြုံမှုကို ဦးတည်စေပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကတော့ ယခင် ကတည်းက အကြိမ်ကြိမ်ပြောပြီးဖြစ်ပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တရုတ် တစ်နိုင်ငံတည်းမူဝါဒ(One China Policy)ကို အစဉ်အားပေးထောက်ခံပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို စတင်ခဲ့တဲ့နိုင်ငံများပီပီ လေးစား လိုက်နာပါတယ်။ မြန်မာနိုင်ငံကို အခြေပြုပြီး အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်မယ့် မည်သည့်အင်အားစု၊ မည်သည့်လှုပ်ရှားမှုကိုမှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒေသတွင်း မတည်ငြိမ်မှုကို တိုးပွားစေမယ့် မည်သည့်လုပ်ရပ်ကိုမှ မထောက်ခံပါဘူး။

၂။ ဒီစာချုပ်ကြောင့် အာရှပစိဖိတ် ဒေသအတွင်း လုံခြုံရေးပိုကောင်းလာ မလား? ဒါမှမဟုတ် စစ်ရေးပိုတင်းမာ လာမလား?

ဖြေ။ ဒီကိစ္စဟာ ဒေသတွင်းလုံခြုံရေးဆိုတာထက် ဒေသတွင်းဩဇာလွှမ်းမိုးရေးနဲ့  ဝင်ရောက်စွက်ဖက်မှုအပေါ် ပိုမိုအခြေခံထားတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အလား အလာမဟုတ်ပါဘူး။

၃။ မြန်မာနိုင်ငံကလည်း လက်ရှိမှာ ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်နေတော့ အခြေအနေတွေ ပိုဆိုးလာတဲ့အခါ တရုတ်က နစကကို ရပ်တည်ထောက်ခံရင်           ဒီ Aukus အဖွဲ့က နစကနဲ့ဆန့်ကျင်ဘက် NLD နဲ့ NUG ဘက်ကို ထောက်ခံ ကူညီ တာတွေရော ဖြစ်နိုင်သလား? စိုးရိမ်ပူပန်မှု ဘယ်လို ရှိပါသလဲ?

ဖြေ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုး ပေါက်ဖော်နိုင်ငံများဖြစ်ပါတယ်။ ဘယ်သူတွေ၊ ဘယ်အခြေအနေတွေကဖျက်ဖျက် မပျက်ပါဘူး။ မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ရဲ့ ဆက်ဆံမှုက ပိုမိုခိုင်မာနက်ရှိုင်းပါတယ်။ အနောက်နိုင်ငံတွေရဲ့ သဘောထားအများစုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ဆိုတာထက် သူတို့ထိန်းချုပ်နိုင်တဲ့အစိုးရတက်လာဖို့၊ အာဏာရဖို့ပါပဲ။  ဒီအတွက်  အကြမ်းဖက်  NUG ၊ CRPH တို့ကို  တိုက်ရိုက်၊   သွယ်ဝိုက် ထောက်ခံလျက်ရှိပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ပူပန်နေစရာမလိုပါဘူး။ မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ အဖွဲ့တို့နဲ့ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ကိုဗစ်တတိယလှိုင်းဖြစ်စဉ်မှာ မြန်မာပြည်သူ တွေကို တကယ်ထိထိရောက်ရောက်ကူညီပေးခဲ့တာ ဘယ်နိုင်ငံလဲ ဆိုတာ ပြည်သူ တစ်ရပ်လုံး သိကြပါတယ်။

Post a Comment

0 Comments

Total Pageviews