မြန်မာပြည်၊ ကိုဗစ်-ဒယ်လ်တာ လှိုင်း နှင့် ဆက်စပ်နေသော နောက်ခံအခြေအနေ “Context”

 မြန်မာပြည်၊ ကိုဗစ်-ဒယ်လ်တာ လှိုင်း နှင့် ဆက်စပ်နေသော နောက်ခံအခြေအနေ

(ဒေါက်တာ ရင်ရင်နွယ်) #COVID19 #MyanmarCOVID19 

ယခုအခါ မြန်မာပြည်သည် အခြားတိုင်းပြည်များနှင့်တကွ ကိုဗစ်-ဒယ်လ်တာ လှိုင်းကြီး ၏ဆိုးရွားသော ဒဏ်ကိုခံနေရပြီဖြစ်သည်။ ဤရောဂါကြောင့် သေဆုံးသူ အသိမိတ်ဆွေ များအနက်၊ လွန်ခဲ့သောနှစ်ပတ်ခန့် က ကျွန်မ ချစ်ခင်ရင်းနှီးသောသူ များလည်း ပါခဲ့သည်။ နှစ်ဦးကို ဆေးရုံတင်ရန် ကျွန်မကိုယ်တိုင် သူတို့မိသားစုများနှင့်အတူ ကြိုးစားခဲ့သော်လည်း မဆင်မပြေခဲ့ပေ။ ဤရောဂါဖြစ်ပျက်နေပုံ နှင့်စပ်လျဉ်း၍ “Context”ဟုခေါ်သည့် ဆက်စပ်နေ သောနောက်ခံအခြေအနေ အချို့ကိုရှုထောင့်တစ်ခု မှတင်ပြလိုပါသည်။


၂၀၂၀ ကိုဗစ်မျိုးကွဲ နှင့် ၂၀၂၁ ကိုဗစ်မျိုးကွဲများမှာ ပျံ့နှံ့ပုံချင်း မတူပါ။ ယခုနှစ် မြန်မာပြည်နှင့် အခြားတိုင်းပြည် များ ခံစားနေရသော ကိုဗစ်-ဒယ်လ်တာ ရောဂါမျိုးကွဲ မှာ ၂၀၂၀ ပြည့်နှစ်မှ ကိုဗစ်မျိုးကွဲထက် ပိုမိုလျင်မြန်စွာ ကူးစက် သောမျိုးကွဲဖြစ်သည် ဟုနိုင်ငံတကာ ပညာရှင်များက တွေ့ရှိထားသည်။ ကိုဗစ်-ဒယ်လ်တာမျိုးကွဲ ကို အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ဒီဇင်ဘာလတွင် မတူသောမျိုးကွဲအနေဖြင့် စတွေ့ခဲ့၍၊ ထိုအချိန် မှစပြီး ကျန်အာရှနိုင်ငံ များ၊ ဥရောပနှင့် အမေရိကတိုက် ပါမကျန် ပျံ့နှံ့လျက်ရှိသည်၏ဟု တွေ့ရှိရသည် [အညွှန်း (၁)] ။  ရောဂါ ပျံ့နှံ့နှုန်း နှင့် သေဆုံးနှုန်း များကိုကြည့်လျှင် မျိုးကွဲ မတူကြောင်းသိသာသည်။ မြန်မာနိုင်ငံနှင့် အိမ်နားနီးချင်း နိုင်ငံအချို့မှ ကိုဗစ်အတည်ပြုလူနာများ၏ ပတ်စဉ်ကူး စက်ဦးရေနှင့် ပတ်စဉ်သေဆုံးဦးရေ တို့ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှရေးဆွဲထားသော ပုံဇယားများဖြင့် တင်ပြထားပါသည် (ပုံ ၁ မှ ပုံ ၆)။ ထိုပုံများကို ကြည့်လျှင်၊ အောက်ပါတို့ကို တွေ့ရပါသည်။ (က) နိုင်ငံအများစုတွင် ရောဂါ ”လှိုင်း” (၂)ခါ တွေ့ရပေမည်။ ဘင်္ဂလာဒေ့ရှ် အနေဖြင့် ”လှိုင်း” (၃)ခါ ကြုံတွေ့နေသည်။  (ခ) နိုင်ငံတိုင်းတွင် ၂၀၂၁ ရောဂါ “လှိုင်း”သည် ၂၀၂၀ ရောဂါ“လှိုင်း” ထက် အဆပေါင်းများစွာပို ကြီးသည်။ အချို့နိုင်ငံများ (ဥပမာ၊ ထိုင်းနိုင်ငံ) တွင် ၂၀၂၀ ဖြစ်ရပ်ကို “လှိုင်း”ဟူ၍ပင် မခေါ်နိုင်။ ချမ်းသာတိုးတက်သော ယူကေ နိုင်ငံ ၌ပင်လျှင် ၂၀၂၁ မေလ ၁၅ ရက်တွင် တစ်ရက် လျှင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀၀၀ ကျော်တွေ့ရှိ ရာမှ ဇူလိုင်  ၁၇ နေ့ တစ်ရက်ထည်း တွင်  ကိုဗစ်အတည်ပြုလူနာသစ် ၅၀ ၀၀၀ ကျော် (အဆပေါင်း ၂၅ ဆ)  တွေ့ရှိခဲ့သည်ဟု WHO ဒေတာ မှာ ပြနေသည်။ မြန်မာနိုင်ငံ နှင့် အိမ်နားနီးချင်း နိုင်ငံ တွင်မူ၊ ယခုနှစ်ဦးပိုင်းနှင့် ဇူလိုင်လ တွင် ခံစားနေရသော ကိုဗစ်-ဒယ်လ်တာ လှိုင်းကြီး နှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ခုနှစ်တွင်ဖြတ်သန်းခဲ့ရသော ရောဂါ”လှိုင်း”သည်သေးငယ်ကြောင်း သိသာပါသည်။ (ပုံ ၁ မှ ၆)  [အညွှန်း (၂)]

ကိုဗစ်ရောဂါကူးစက်ခြင်း သည်အရောင်အသွေးနှင့် နိုင်ငံရေးစနစ်တို့ကို မခွဲခြားပါ။ မြန်မာ အချို့သည် ကမ္ဘာတဝှမ်း ကပ်ရောဂါ ဆိုက်ရောက် နေသည့် အဖြစ်နှင့် အခြားနိုင်ငံများ၏ ရောဂါအခြေအနေ ကို မကြည့်ဘဲ (သို့မဟုတ်၊ နားမလည်ဘဲ) လက်ရှိ ခံစားနေရသော ကိုဗစ်-ဒယ်လ်တာ “လှိုင်း”  နှင့်ယင်း၏ ဆိုးကျိူးများ အတွက်  အစိုးရ ကို အပြစ်တင်ကြသည်။ အစိုးရတစ်ရပ်သည် ရောဂါအခြေအနေကို  ကိုင်တွယ်ရာ တွင် တာဝန်ရှိသည်၊ တာဝန်ယူရမည် မှာ မှန်၏။ (ဤအကြောင်းကိုလည်း အောက်တွင် ဆွေး‌နွေးထားပါသည်။) သို့သော် ကိုဗစ်-ဒယ်လ်တာရောဂါလှိုင်း ကြီးမားသည့်အတွက် မြန်မာအစိုးရ ကိုအပြစ်တင်လိုပါက ကမ္ဘာ့နိုင်ငံ အများအပြား ၏ တည်ဆဲအစိုးရများကို  အပြစ်တင်ရမလို ဖြစ်နေသည်။ ကိုဗစ်-ဒယ်လ်တာ ရောဂါလှိုင်း ကြီးမား သောနိုင်ငံများ တွင် ဒီမိုကရေစီ နိုင်ငံများ လည်းပါနေသည်။ ဒီမိုကရေစီ မဟုတ်သောနိုင်ငံများလည်းပါသည်။  မြန်မာနိုင်ငံ ကိုဗစ်-ဒယ်လ်တာ ရောဂါလှိုင်းနှင့် စပ်လျဉ်း၍ လေ့လာပြောဆိုရာတွင် အခြားနိုင်ငံများ၏ ရောဂါအခြေအနေများကိုလျစ်လျူရှု၍မရ ဟုဆို ရပေမည်။ 

မြန်မာပြည်သည် ကျန်းမာရေးစနစ် အားနည်းသောကြောင့် မသေသင့်သောသူများ သည်သေခဲ့ကြသည် ဟူသည်မှာ ငြင်းဖွယ် မရှိပေ။ ကျန်းမာရေး စနစ်များ ပိုမိုကောင်းမွန် သော နိုင်ငံများတွင်   (ဥပမာ၊ ယူကေနိုင်ငံ၊ ထိုင်း နိုင်ငံ) ရောဂါ ကူးစက်နှုန်းမြင့်မားလာသော်လည်း သေဆုံးသူနှုန်းပိုနည်းသည်။ မြန်မာပြည်ကဲ့သို့ ဆင်းရဲသော နိုင်ငံများသည် ရောဂါစမ်းသပ်ရာ၌ လည်းကောင်း၊ မှတ်တမ်းယူရာ၌ လည်းကောင်း၊ များစွာသော အားနည်း ချက်များရှိသည်။ ထိုကြောင့်လည်း ထိုနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများသည် WHO ထံ နေ့စဉ်တင်နေ ရသော ကိုဗစ်ရောဂါ အစီရင်ခံစာများတွင် အတည်ပြုလူနာဦးရေ နှင့် သေဆုံး လူနာဦးရေတို့ မှာ အမှန်တကယ် ဦးရေ ထက် လျော့နည်း နေသည်။ “under-reporting” ဟုခေါ်သည်။ ဤ “under-reporting” အဖြစ်အပျက်သည် ဖွံဖြိုးဆဲနိုင်ငံတိုင်းတွင်  ကြုံတွေ့ရသော အခက်အခဲဖြစ် သည်။ မြန်မာပြည်ထက်တိုးတက်သော အိန္ဒိယနိုင်ငံတွင် ပင်လျှင်၊ ယင်း၏ ကျန်းမာရေး စနစ်သည်  ရောဂါပြင်းထန်နေသော အခြေအနေတွင် လူနာများကို မနိုင်တော့သဖြင့် under-reporting အတော်များများ ရှိနိုင်ကြောင်း နာမည်ကျော် Johns Hopkins ဆေးတက္ကသိုလ်မှ ဖော်ပြခဲ့သည် [အညွှန်း (၃)]။ ချမ်းသာသော တိုင်းပြည်များမှာမူ ရောဂါနှုန်းများ၊ သေနှုန်းများ နှင့် သေဆုံး ရသောအကြောင်းရင်း (cause of death)  တို့ကို မှတ်တမ်းတင်ရာ၌ ပိုမိုမှန်ကန် သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ပင်။ သေနှုန်းများသည်လည်း တိုင်းပြည်တပြည်၏ ပျမ်းမျှ အသက် (median age) နှင့်လည်းသက်ဆိုင်သည်။ ချမ်းသာသော တိုင်းပြည်များရှိ လူဦးရေ၏ပျမ်းမျှ အသက် သည်  ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူဦးရေ ၏ ပျမ်းမျှ အသက်ထက်ပိုကြီးသည် [အညွှန်း (၄)] ။အသက်ပို၍ ကြီးလေ၊ ကိုဗစ်ရောဂါဖြင့်သေဆုံးရန် ဖြစ်နိုင်ခြေပိုများလေဖြစ်သည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာ လေးစားသော Centers for Disease Control and Prevention, USA မှ သုတေသီများ၏ ၂၀၂၁ ဇူလိုင်လ (၁၉) ရက် ထုတ်သော ကြေညာချက် တွင် (က) အသက် (၄၀)မှ (၄၉) နှစ် အရွယ်များသည်  အသက် (၁၈)မှ (၃၀) လူငယ် များထက် သေဆုံးမှုနှုန်း (၁၀) ဆရှိ ကြောင်း၊ (ခ) အသက် (၅၀)မှ(၆၄) နှစ် အရွယ်များသည် ထို လူငယ်များထက် သေဆုံးမှုနှုန်း (၃၅) ဆရှိကြောင်း၊  (ဂ) အသက် (၆၅)မှ(၇၄) နှစ် အရွယ်များသည် အဆိုပါလူငယ် များထက် သေဆုံးမှုနှုန်း (၉၅) ဆရှိကြောင်း၊   (ဃ) အသက်(၇၅)နှစ်ကျော်သောသူများ ၏ သေဆုံးနှုန်း သည် အသက် (၁၈)မှ(၃၀)လူငယ် များထက် အဆပေါင်း (၂၃၀) ရှိကြောင်း၊ ဟူ၍ဖေါ်ပြ ထားသည်။[အညွှန်း (၅)]    

ဤနောက်ခံအချက်အလက်များ (context)ကိုသိရှိနားလည်ပါမှ တိုင်းပြည်အချင်းချင်း နှိုင်းယှဉ်၍ရပါမည်။ ဇယား (၁) ကိုကြည့်ပါက တိုင်းပြည်အချို့ ၏ ကိုဗစ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုများ ၏ရလဒ် (results) ကို မြင်နိုင်သည်။ [အညွှန်း (၆)]     ဇယား (၁) သည် ကိုဗစ်သေဆုံးမှုနှုန်းကို နိုင်ငံအလိုက် လူဦးရေတစ်သန်းလျှင် သေဆုံးလူနာ အရေအတွက်  အပေါ်ခြေခံ၍ပြထားသောကြောင့် တိုင်းပြည်၏စုစုပေါင်း လူဦးရေကိုထည့်သွင်း စဉ်းစားပြီး သားဖြစ်သည်။  ဆိုလိုသည်မှာ ဤကဲ့သို့ တွက်ချက်ထားသော နှုန်းဖြင့် တိုင်းပြည်အချင်းချင်း ကို နှိုင်းယှဉ်နိုင်သည်။ ဤကဲ့သို့ သေနှုန်း (ဦးရေမဟုတ်) တင်ပြသည်ကိုလည်း အချို့ ဘွဲ့ရ များ ယခင်က ကျွန်မကို ပြောခဲ့သလို “အင်ဒို နီးရှားက မြန်မာထက် လူဦးရေ ပိုများတာကိုး၊ သေနှုန်းပိုများမှာပေါ့” ဟုဝေဖန်ပါက  ထိုသူများသည်၊ သင်္ချာတွက်နည်း အရ မှားပါမည်။    

ကိုဗစ်သေဆုံးနှုန်းသည် နိုင်ငံရေးစနစ်ထက် crisis ကိုင်တွယ်ပုံ နှင့်ပိုသက်ဆိုင်သည်။ ဇယား (၁) တွင်တွေ့ရသည်မှာ မြန်မာပြည်ကို ယခင်က အထောက်အကူများပေးခဲ့သည့် ချမ်းသာ သော OECD-DAC  ဒီမိုကရေစီနိုင်ငံများ၏ ကိုဗစ်သေနှုန်းများမှာ မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများထက်မြင့်သည်။ မြန်မာပြည်၊ နီပေါလ် စသည့်ဆင်းရဲသော နိုင်ငံများ၌ အထက်ဖေါ်ပြ ထားသော under-reporting ဖြစ်နိုင်သော်လည်း ကျန်းမာရေးစနစ်များအသင့်အတင့် ကောင်းမွန် သော  ထိုင်းနိုင်ငံနှင့် မလေးရှားအတွက် under-reporting ကြောင့် သေနှုန်းနိမ့်နေသည် ဟုဆို မရပါ။ အခြားအကြောင်းများလည်းရှိပေမည်။ အဓိကဤပုံများနှင့်စာရင်းဇယား အချက်အလက် များ ပြသနေသည်မှာ မြန်မာပြည်သည် ကိုဗစ်-ဒယ်လ်တာလှိုင်း၏ ဆိုးရွားသောဒဏ်ကို အလူးအလဲခံနေရသော  နိုင်ငံအမြောက်အမြားအနက် တစ်နိုင်ငံသာဖြစ်ကြောင်း ထင်ရှားသည် [အညွှန်း (၆)]     ။  

မြန်မာပြည်သည် ကျန်တိုင်းပြည်များနှင့် မတူထူးခြားသည်မှာ ကောင်းသောထူးခြား ခြင်းမဟုတ်။ နိုင်ငံသားတိုင်း၏ ဘုံရန်သူကိုဗစ်ကို တိုက်ဖျက်ရန် အစိုးရ၊ တပ်မတော်၊ နှင့်ပြည်သူ အများကကြိုးစားနေသော်လည်း  မသမာသည့်  ပုဂ္ဂိုလ်အချို့သည် ရောဂါပိုမို ပျံ့နှံ့ အောင်ပင် တိုက်တွန်းနေကြသည်။ ထိုသူတို့သည် အများဒုက္ခရောက်အောင် ကျန်းမာရေး စနစ်ထဲတွင်ရှိ နေသော  ဆရာဝန် အချို့ကိုလည်း စနစ်ထဲမှ CDM လုပ်ဖို့တိုက်တွန်း နေကြသည်။ ဇူလိုင်လ ၂၃ ရက်နေ့ သတင်းများတွင် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံနှင့် သင်ကြားရေး ဆေးရုံကြီးရှိ အရေးပေါ်ကိုဗစ်လူနာများအား  အောက်ဆီဂျင်ပေးသည့် ပိုက်လိုင်းကို  မသမာ သူများ  ထုခွဲဖျက်ဆီးပစ်ခဲ့ကြောင်းကြားသိရသည်။ အတွင်းလူပါသော ယုတ်မာသည့် အဖျက် လုပ်ငန်းဖြစ်သည်ဟုပြောလိုပါသည်။ CDM လုပ်ပြီး အလုပ်ထဲ ပြန်မဝင်သော ဆရာဝန်များ၊ အလုပ်ထဲမှာရှိလျက်နှင့် CDM လုပ်နေသော ဆရာဝန်များကိုလည်း ကျွန်မအနေဖြင့် များစွာ အံ့ဩဝမ်းနည်းပါသည်။  အံ့ဩဝမ်းနည်းခြင်း၏ အကြောင်းမှာ ကျွန်မကြီးပြင်းလာသော မိဘ အသိုင်းအဝိုင်းနှင့် ကျွန်မအလုပ်လုပ်ခဲ့သည့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆရာဝန်များသည် ဆရာဝန်သိက္ခာကျင့်ဝတ်ကို အမြဲစောင့်ထိန်းခဲ့၍ လေးစားအားကိုးရမည့်သူများဟုအစဉ်အမြဲ ခံယူလေးစားခဲ့သည်။ ထိုဆရာဝန်များ CDM လုပ်နေသည်မှာ တပ်မတော်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူကိုသာ အပြစ်ဒဏ်ခတ်သကဲ့သို့ ဖြစ်နေ သည်။ အလားတူပင်၊ NUG ကို ထောက်ခံနေသော ဒေသန္တရ အကြမ်းဖက်အဖွဲ့အစည်းများသည် မင်းတပ် နှင့် ကလေးမြို့များသို့ ဆေးကုသရေးပစ္စည်းများ သယ်ဆောင်လာသော  ဆေးဝန်ထမ်းများနှင့် တာဝန်ရှိလုံခြုံရေး ဝန်ထမ်းများကို တိုက်ခိုက်အကြမ်းဖက်ခြင်းသည်လည်း မိမိတို့၏ ရပ်ရွာမှကိုဗစ်လူနာများ ကိုသာ နှိပ်စက်သကဲ့သို့ပင် ဖြစ်သည်။ ပြည်တွင်းပြည်ပ မြန်မာအချို့သည်လည်း ရောဂါကြောက်လန့် ပြီးသား ပြည်သူများကိုပို၍ပင် စိတ်ဓာတ်ကျဆင်းစေရန် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို သတင်း လွှင့်ကြသည်။ ဥပမာ၊ အစိုးရက ပြည်သူလူထုအား အောက်ဆီဂျင်မပေးဘဲ တမင် ဖြတ်တောက်ထားသည် ဟုယုံကြည်သူများရှိသလို ဆေးဆိုင်များတွင် မည်သည့်ဆေးမျှဝယ် မရအောင် အစိုးရကဖြတ်ထားသည်ဟု ထင်နေသူများရှိသည်။ 

အစိုးရတိုင်း သည် ကိုဗစ်ရောဂါကို တိုက်ဖျက်ထိန်းချုပ်ရန်တာဝန်ရှိသည်။ မြန်မာနိုင်ငံ အစိုးရသည်လည်း၊ အခြားအစိုးရများကဲ့သို့  ရောဂါကိုတိုက်ဖျက်ထိန်းချုပ်ရန်အစွမ်းကုန် ကြိုးစား နေသည်ကို စဉ်းစားဉာဏ်ရှိသူတိုင်း အဖြေထုတ်နိုင်သည်။ အချို့က သတင်းလွှင့်နေသလို အစိုးရသည် တမင်သက်သက် ယုတ်မာနေလျှင် အစိုးရအတွက်သာလျှင် ဆိုးကျိုးရမည်ဖြစ်သည်။ ဤကိစ္စကို အကျိုးသင့် အကြောင်းသင့် စဉ်းစား ရမည် ( Logical thinking ကျင့်သုံးရမည်) ဟု ကျွန်မယုံကြည်ပါသည်။ ဆင်းရဲသောနိုင်ငံဖြစ်၍ ကျန်းမာရေးစနစ်မှာ ယခင်ကပင် အားနည်း နေသောကြောင့် ဟာကွက်များ၊ သေကြေဆုံးရှုံးမှုများ ရှိမည်။ မြန်မာပြည်ထက် ကျန်းမာရေးစနစ် ပိုပြည့်စုံသော အင်ဒိုနီးရှားနိုင်ငံတွင်ပင်လျှင် Yogyakarta မြို့မှဆေးရုံတစ်ရုံတည်းတွင်၊ အောက်ဆီဂျင်ပြတ်၍ နှစ်ရက်အတွင်း လူနာ ၆၃ ဦးသေဆုံးခဲ့သည်။ ဆေးရုံများ လက်မခံ နိုင်တော့သည့်အတွက် အိမ်မှာတစ်ယောက်တည်း ပိတ်သေနေသော အလောင်းများ လည်း အမြောက်အမြားရှိသည် [အညွှန်း (၇)]။ အိန္ဒိယ နိုင်ငံတွင်လည်း ဆေးရုံစနစ် မနိုင်တော့ သည်မှာ အဆိုးဆုံးဟုပြောကြသည် [အညွှန်း (၈)]။  မြန်မာပြည်တွင် ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများ၊  ပုဂ္ဂလိက အလှူရှင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများ နှင့် တပ်မတော်သားများ အားလုံးပူးပေါင်းဆောင်ရွက်နေသည်ကို မြင်၍ လေးစားဂုဏ်ပြု ပါသည်။ 

ဤကပ်ကြီးတွင်ကျန်းမာရေး စည်းကမ်းစည်းမျဉ်းများ ကို တသွေမတိမ်းလိုက်နာ၊ ကိုဗစ် ဘုံရန်သူကို ပူးပေါင်းတိုက်ခိုက်၊ အကုသိုလ် များကိုရှောင်ကြဉ်ကြရမည်ဟု ယုံကြည်ပါသည်။ Facebook တွင် ဆဲနေသော မြန်မာများသည် အံ့ဩဖွယ်ရာပင်ဖြစ်နေသည်။ ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လားဟု မေးစရာ။ ကျွန်မကိုလည်း ကိုဗစ်နှင့်သေဆုံးပါစေဟု ကျွန်မ တခါကပတ်သက် ခဲ့ဖူးသော ဘူမိဗေဒ အသိုင်းအဝိုင်းမှ ကျိန်ဆဲကြသည်။ ကျွန်မကဲ့သို့သော သာမန် လူမဆိုနှင့်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုပါ တိုက်ခိုက်ဆဲဆိုနေသည်မှာ ကြောက်စရာပင်။ သစ္စာဆို၍ သူတပါးအား ကျိန်ဆဲသောသူများသည် သတိထားသင့်သည်။ ခင်ပွန်းကြီး (၁၀)ပါး တွင်ဖေါ်ပြထားသော   မိမိထက်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောလူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ အစရှိသည် တို့ကိုပြစ်မှားသူများ သည် မိမိ စေတနာနှင့်သာ  မိမိအကျိုးပေးလိမ့်မည်ဟုယုံကြည်ပါသည်။ မြန်မာပြည်သူပြည်သားများ အကုသိုလ်များကို ရှောင်ရှားနိုင်၍ ကပ်ကြီးသုံးပါးဘေး ကင်းဝေး နိုင်ကြပါစေ။

အညွှန်းများ။

၁။ https://www.yalemedicine.org/news/5-things-to-know-delta-variant-covid

၂။ WHO Coronavirus (COVID-19) Dashboard: https://covid19.who.int/?gclid=CjwKCAjwuvmHBhAxEiwAWAYj-NgTyA811z_9X8omP_jKesizxgwzLPwLkoGRctEKnYz016lTxHMQ7hoC2AYQAvD_BwE

၃။  https://coronavirus.jhu.edu/pandemic-data-initiative/news/demystifying-the-delta-variant-with-data

၄။ World Population Prospects 2019, UN Population Division, Department of Economic and Social Affairs. Medium fertility variant, 2020 - 2100

၅။ https://www.cdc.gov/coronavirus/2019-ncov/covid-data/investigations-discovery/hospitalization-death-by-age.html

၆။  https://www.worldometers.info/coronavirus/ 

၇။ https://www.bbc.com/news/world-asia-57830770  Dying alone in Indonesia's grim battle with Covid-19  16 July

https://www.voanews.com/covid-19-pandemic/indonesian-hospital-loses-63-covid-patients-oxygen-shortage

၈။ https://www.youtube.com/watch?v=zrefKeWuNpQ 

မှတ်ချက်။ OECD—DAC: Organisation for Economic Co-operation and Development — Development Assistance Committee 


Post a Comment

0 Comments

Total Pageviews