တပ်ချုပ်ကြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

==============

နေပြည်တော်၊ နိုဝင်ဘာ - ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် Video Teleconference(VTC) မှတစ်ဆင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက VTC စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19  ရောဂါဖြစ်ပွားမှုကြောင့် အချို့သော တိုင်းမှူးများနှင့် လူချင်းတွေ့ဆုံနိုင်ခြင်းမရှိသည်မှာ အချိန်အားဖြင့် ကြာမြင့် ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြား သည်။ ထို့နောက် မကြာမီတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုများအားလုံး သက်ဆိုင်ရာမဲရုံအသီးသီးတွင် စနစ်တကျဖြင့် မဲပေးနိုင်ရေး တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားမေးမြန်းရာ တိုင်းမှူးများက ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်မဲပေးရမည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံးကိုလည်း သတ်မှတ်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ပြန်လည်တင်ပြကြသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ဆန္ဒမဲပေးကြရာတွင် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၏ လုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အထူးဂရုစိုက်ရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ တိတိကျကျလိုက်နာကာ လုံခြုံရေးကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးကြရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး လွတ်လပ်စွာ မဲပေးနိုင်ကြောင်းနှင့် ထည့်သွင်း စဉ်းစားရန် လိုအပ်မည့် အချက်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးမှာ ကြားရာတွင်-

“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့်အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲ့ဒါကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကိုကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တစ်ကယ်ကိုဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ်  မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်းကြောင်းကြောင့် အဲ့ဒီနေ့မှာ မိုးတွေရွာလာမယ်။ လေတွေ တိုက်လာမယ်။ ဒါတွေဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေမှာ သွားရေးလာရေးတွေ အခက်အခဲဖြစ်လာမယ်ဆိုလို့ရှိရင်လည်း တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို။ တစ်ဖက်ကလည်း မဲပေးတဲ့သူတွေရော မဲပေးဖို့ အချိန်ရတဲ့သူတွေကရော သဘာဝဘေးအန္တရာယ်ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေက တစ်နေရာထဲမှာရှိတာမဟုတ်ဘူး နေရာအနှံ့အပြားကနေ စုလာမယ့်လူတွေရှိတယ်။ 

ဥပမာအားဖြင့် မဲရုံ တစ်ရုံတည်းမှာ တစ်ခြားနေရာကနေ လာပြီးတော့ မဲပေးရမယ့် လူတွေရှိတယ်၊ အဲ့ဒီ မဲပေးရမယ့်လူတွေက လမ်းမှာ လမ်းမကောင်းတာတို့ တံတားတွေ မကောင်းလို့တို့ မဲရုံကို အချိန်မီမရောက်နိုင်လို့ မဲပေးခွင့် ဆုံးရှုံးသွားမယ့်ဟာမျိုး မဖြစ်ဖို့လိုတယ်။ ဒီလိုလုပ်တာအခါမှာ သူတို့ လုံလုံခြုံခြုံ ချောချောမွေ့မွေ့နဲ့ မဲလာပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကူညီပေးပါလို့ ပြောလိုတယ်။ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ထားဖို့ပေါ့။ နောက်တစ်ခုကလည်း မဲပေးတဲ့အချိန်က ကာလအချိန် အကြာကြီးပေးရမှာဖြစ်တယ်။ ပထမဆုံး မဲပေးတဲ့လူကနေ နောက်ဆုံးမဲပေးတဲ့လူအထိပေါ့။ အချိန်က ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့တော့မရဘူး။ အဲဒီအချိန်မှာ မဲပေးတဲ့လူတွေက ရေဆာတာတို့ ဗိုက်ဆာတာတို့ ဒါတွေလည်းဖြစ်နိုင်တယ်။ ဒါတွေလည်း သတ်မှတ်ထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ မဲရုံရဲ့ ပြင်ပ သတ်မှတ်ထားတဲ့ နေရာကနေပြီးတော့ သူတို့စားနိုင်ဖို့ သောက်နိုင်ဖို့အတွက် ဒါလေးတွေလည်း ကူညီပေးဖို့ပြောလိုတယ်။ တစ်ချို့ဆို ခပ်ဝေးဝေး ခပ်လှမ်းလှမ်းက လာရမှာတွေရှိတယ်။ ဒါကြောင့် ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သလိုပဲ နေပူတဲ့အချိန်လည်း ဖြစ်ချင် ဖြစ်မယ် ပြောလို့တော့မရဘူး။ တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီ မဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့် အကွာအဝေးမှာ သူတို့ ဘယ်လောက်ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ရေသောက်ဖို့တို့ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီ ပေးဖို့မှာလိုတယ်။ 



နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့ အဆုံး အဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ အချိန်ကာလကြာကြာ ကတည်းကနေပြီးတော့ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနှင့်ပတ်သက်ပြီး မသမာမှုလုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ် စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့တင်ပြချက်တွေကြောင့် သိနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲထည့်မှာပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ကိစ္စတွေဖြစ်တယ်။  ကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက်ကြောင့် တစ်ကယ်မဲပေးတဲ့နေ့ကျလို့ရှိရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက်ဖြစ်လာလို့ရှိရင်လည်း ချောချောမွေ့မွေ့နဲ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်။ ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့ အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးနိုင်ရေး လိုအပ်သည့်မှန်သမျှကို ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်းဖြင့် လိုအပ်သည်များကို ဆက်လက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။http://dsinfo.org/node/653

Post a Comment

0 Comments

Total Pageviews