အိပ်ပျော်ရင်း လိင်ဆက်ဆံတဲ့ SEXSOMNIA ရောဂါ ( 18+ ကျန်းမာရေးစာ )

 အိပ်ပျော်ရင်း လိင်ဆက်ဆံတဲ့ SEXSOMNIA ရောဂါ ( 18+ ကျန်းမာရေးစာ )


အိပ်ပျော်နေရင်း လမ်းထလျှောက်တဲ့သူတွေ၊ အိပ်ရာထဲမှာ အပေါ့သွားမိတဲ့ သူတွေ ဒါမှမဟုတ်ရင် အိပ်နေရင်း သွားတွေကို အတင်းကြိတ်နေတဲ့ သူတွေရှိတာကို အားလုံးကြားဖူး တွေ့ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အိပ်ပျော်နေရင်း လိင်ဆက်ဆံတတ် တဲ့ သူတွေရှိတာကိုတော့ သိပ်မသိကြပါဘူး။ သုတေသီတွေ ဆေးပညာရှင်တွေကိုယ်တိုင်တောင် အဲဒီရောဂါနဲ့ ပတ်သက် လို့ ခုမှ စတင်နားလည်လာကြတာဖြစ်ပါတယ်။


sexsomnia လို့ခေါ်တဲ့ ရှားပါးတဲ့ ရောဂါရှိသူတွေဟာ အိပ်ပျော်နေရင်းနဲ့ လိင်ဆက်ဆံမိတတ်တယ်ဆိုတာကို မကြာသေးမီ ကမှ သတိပြုမိခဲ့ကြပါတယ်။ ဒီရောဂါကို ၁၉၉၆ ခုနှစ်မှာ ကနေဒါနိုင်ငံ Ottawa တက္ကသိုလ်က ဒေါက်တာ J. Paul Fedoroff က “sexsomnia” လို့ စတင်ပြီး အမည် တပ်ခဲ့ပေမယ့် သုတေသီ အများအပြား က စိတ်ဝင်စားလာခဲ့တာက နောက် ပိုင်းကျမှ ဖြစ်ပါတယ်။



“ကျနော် ဒါကို စတင်ပြီး သုတေသန လုပ်တဲ့ အချိန်မှာ ဒီရောဂါနဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်း အများကြီး မတွေ့ခဲ့ရပါဘူးလို့ အမေရိကန်နိုင်ငံ New Hampshire တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Michael Mangan ကပြောပါ တယ်။ သူက sexsomnia နဲ့ ပတ်သက်လို့ “Sleepsex: Uncovered” အမည်ရတဲ့ စာအုပ်တအုပ် အွန်လိုင်းမှာရေးသား ဖြန့်ဝေခဲ့သူဖြစ်ပါတယ်။


Sexsomnia မှာ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေ အကုန်ပါတယ်လို့ ဆိုပါတယ်။ ထိတွေ့ပွတ်သပ်တာ၊ လိင်မှုနဲ့ ပတ်သက်တဲ့ စကားတွေပြောတာ၊ ခံစားချက်ကြောင့် ညည်းညူတာနဲ့ လိင်ဆက်ဆံမှု ပြုတာတွေ အပါအဝင် ဖြစ်ပါတယ်။


အိပ်ပျော်နေရင်း မူမမှန်ဖြစ်တာ လို့ဆိုနိုင်တဲ့ ဒီရောဂါအတွက် ခိုင်မာတိကျတဲ့ စာရင်းအချက်အလက် အထောက်အထား အများအပြားမရှိပေမယ့် အရွယ်ရောက်သူတိုင်း အိပ်ပျော်နေရင်း လိင်ဆက်ဆံတာကို ကြုံရနိုင်တယ်လို့ ဒေါက်တာ Michael Mangan ကပြောပါ တယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေက လူဦးရေရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်းကြား ပဲ ရှိမယ်လို့ သူက ထပ်ပြောပါတယ်။ parasomnias လို့ ခေါ်တဲ့ အိပ်ပျော်နေရင်း လမ်လျှောက်တတ်သူ မျိုးတွေလဲ ဒီလောက် ရာခိုင်နှုန်း လောက်ရှိပါတယ်။


လေ့လာတွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအရ အမျိုးသားတွေက အများဆုံး ဒီလို ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေလည်း ဖြစ်နိုင် တယ်လို့ သိရပါတယ်။ အိပ်ပျော်နေရင်း မူမမှန်တာတွေ လုပ်တတ်တဲ့ သမိုင်းကြောင်းရှိသူတွေက sexsomnia ဖြစ်နိုင်ခြေ ပိုများတယ်လို့လည်း ဒေါက်တာ Michael Mangan က ပြောပါ တယ်။


Associated Professional Sleep Societies ရဲ့ နှစ်စဉ် အစည်းအဝေးတခုမှာ တင်သွင်းလာတဲ့ သုတေသနတခုအရ ကနေဒါနိုင်ငံက ဆေးခန်းတခုကို အိပ်ပျော်နေရင်း မူမမှန်တာတွေ လုပ်တတ်တဲ့ ရောဂါနဲ့ ရောက်လာကြသူတွေရဲ့ ၈ ရာခိုင် နှုန်းက အိပ်ပျော်နေရင်း လိင်ဆက်ဆံခဲ့ကြတယ်လို့ သိရပါတယ်။ လေ့လာမေးမြန်းခဲ့တဲ့ လူနာ ၈၃၂ ဦး မှာ အမျိုးသား ၁၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄ ရာခိုင်နှုန်းက ဒီလို ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ကြပါတယ်။


အိပ်ပျော်နေရင်း လိင်ဆက်ဆံမိတာက ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေပါတယ်။ ကောင်းတဲ့ ဘက်ကိုကြည့် မယ်ဆိုရင် အိပ်နေရင်း လိင်ဆက်ဆံခဲ့တဲ့ အမျိုးသားတွေရော အမျိုးသမီးတွေကပါ အိပ်ပျော်နေချိန်မှာ(အိပ်မက်ထဲမှာလည်း ဖြစ်နိုင် ပါတယ်) သူတို့ကိုယ်သူတို့ ပိုပြီး ယုံကြည်နေခဲ့တယ်လို့ ပြောပြကြတယ်လို့ ဒေါက်တာ Michael Mangan က ဆိုပါ တယ်။ “သူတို့ရဲ့ လိင်ကိစ္စက နိူးနေတဲ့ အချိန်ထက်စာရင် အရမ်းကို ကွာခြားသွားတယ်။ ပုံမှန်အချိန်တွေမှာ သူတို့ကို ထိန်းချုပ် ထား တဲ့ အရှက်အကြောက် တွေလည်း အဲဒီအချိန်မှာ ပျောက်သွားတယ်။ ဒါကြောင့် ထူးခြားမှုတွေ ပိုခံစားရပြီး ကိုယ့်ရဲ့ အဖော်ကိုလည်း ပုံမှန်(နိုးနေချိန်) အချိန်မှာ မပေးနိုင်တဲ့ သာယာမှုတွေကိုလည်း ပေးနိုင်ပါတယ်။” လို့ သူကပြောပါ တယ်။ Sexsomnia က လိင်မှုဆိုင်ရာ ပြဿနာတွေရှိနေတဲ့ သူတချို့ကိုလည်း (အဲဒီအချိန်မှာ) အဆင်ပြေစေနိုင်ပါတယ်။


ဒါပေမယ့် တဘက်ကကြည့်ပြန်ရင်လည်း ပြဿနာတွေရှိလာနိုင်ပါတယ်။ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။ တကယ် လို့ ကိုယ့်ရဲ့ အဖော် သို့မဟုတ် အိမ်ထောင်ဘက်က ဆန္ဒရှိမနေခဲ့ရင် သဘောမတူခဲ့ရင် အနိုင်ကျင့် သလိုဖြစ်သွားနိုင် ပါ တယ်။ “ကိုယ်က အိပ်နေတုန်း တဘက်က ဒီလိုလုပ်လာရင် စိတ်အနှောက် အယှက်ဖြစ်တာပေါ့။ အိပ်ရေးလည်း ပျက်စေ ပါတယ်။” လို့ ဒေါက်တာ Michael Mangan ကပြောပါတယ်။ တကယ်လို့ အမျိုးသား တယောက် ဒါမှ မဟုတ် အမျိုးသမီး တယောက်ဟာ နိုးနေတဲ့ အချိန်တွေမှာ လိင်ကိစ္စကို စိတ်ဝင်စားမှု ပြခဲ့ပြီးတော့ အိပ်ပျော်သွားပြီးတော့မှ လိင်စိတ်နိုးကြား လာမယ်ဆိုရင် တဘက်လူ အနေနဲ့ ကြည့်ရင် သံသယဝင်စရာ ဖြစ်လာနိုင်တယ်လို့ လည်း သူကဆိုပါတယ်။ “ မင်းက တခြားတယောက်ယောက်နဲ့ လိင်ဆက်ဆံတယ်လို့ အိပ်မက်မက် နေသလား” ဆိုတာမျိုး မေးခွန်းတွေ ဖြစ်လာပြီး ဆက်ဆံ ရေး မှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။


ဒီလိုဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သုတေသီတွေ ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးပါဘူး။ သီအိုရီ တခု ကတော့ တချို့လူတွေက တအိပ်ရာထဲ တူတူ အိပ်ခြင်းကြောင့် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ “ ကိုယ် တယောက် ထဲမဟုတ်ဘဲ တခြားလူ တယောက်နဲ့ တူတူ အိပ်နေချိန်မှာ တိုးမိတိုက်မိတာတွေကလည်း အိပ်ပျော်နေစဉ်ပေမယ့် လိင်စိတ်ဆန္ဒကို နိုးကြားလာ အောင် လုပ်မိသလို ဖြစ်တတ်ပါတယ်။” လို့ ဒေါက်တာ Michael Mangan ကပြောပါတယ်။

တချို့သုတေသီတွေကတော့ အရက်နဲ့ မူးယစ်ဆေး က sexsomnia ဖြစ်စေတဲ့ အကြောင်းတခုလို့ ပြောပါတယ်။ မောပန်း နွမ်းနယ်မှုနဲ့ စိတ်ဖိစီး မှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။


ဒါပေမယ့် Sexsomnia ကို ကုသလို့ရပါတယ်။ တကယ်လို့ စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ကြောင့်ကြမှုကြောင့် အိပ်နေရင်း လိင်ဆက်ဆံမိတယ် ဆိုရင် စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်တာ၊ အိပ်ချိန်ကို ပုံမှန်ဖြစ် အောင် စနစ်တကျ နေထိုင်တာနဲ့ အိပ်ရေးပျက်စေမယ့် တခြားရောဂါ တစုံတရာရှိခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူ တာတွေကလည်း လိုအပ်ပါတယ်။


ဖွင့်ပြောဖို့ သိပ်လွယ်ကူတဲ့ ကိစ္စ မဟုတ်ပေမယ့် ကိုယ်ကိုယ်တိုင်ဖြစ်စေ ကိုယ့်ရဲ့ အဖော်ဖြစ်စေ အိပ်နေရင်း လိင်ဆက်ဆံ တာမျိုး ရှိလာတာကို သတိပြုမိရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာကိုယ့်ရဲ့ အိမ်ထောင်ရေးမှာ သက် ရောက်လာနိုင်တဲ့ ပြဿနာတွေနဲ့ အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် တုန်းက ဆွီဒင်နိုင်ငံက အမျိုး သားတယောက်ဟာ သူ့မှာ Sexsomnia ရှိနေကြောင်း ဆရာဝန်တွေနဲ့ သူ့ရဲ့ ရည်းစားဟောင်း က ထွက်ဆိုပေးခဲ့ကြလို့ မုဒိမ်းမှုနဲ့ တရားစွဲခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

Credit: Irrawaddy 

Post a Comment

0 Comments

Total Pageviews