ဝိုင်းမော်မြို့ ရပ်ကွက် (၄) တွင် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက်အား တိပ်ဖြင့်ပိတ်ထားခြင်းကို NLD ပါတီ စည်းရုံးရေးမှူးက လူမစုံမီဖွင့်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခံရ

 ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် (၄) တွင် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက်အား တိပ်ဖြင့်ပိတ်ထားခြင်းကို NLD ပါတီ စည်းရုံးရေးမှူးက လူမစုံမီ ဖွင့်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း သိရသည်။

ပြည်ခိုင်းဖြိုးပါတီ စည်းရုံးရေးမှူး ဦးဘီဒူလေးသည် ၎င်းတာဝန်ကျသည့် ဝိုင်းမော်မြို့ ရပ်ကွက်(၄) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့  အောက်တိုဘာ ၃၀ ရက်က နံနက် ၆ နာရီ မိနစ် ၅၀ တွင် ရောက်ရှိစဉ် ပါတီအသီးသီးမှ ကိုယ်စားပြု စောင့်ကြည့်သူများ သဘောတူထားသည့် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက် နေရာတွင် ပိတ်ထားသည့်တိပ်မှာ ကွာနေသဖြင့် မည်သူကခွာသွားကြောင်း စုံစမ်းရာ NLD စည်းရုံးရေးမှူး ဦးသန်းဌေးက ၄င်းတိပ်ကို ခွာသွားကြောင်း သိရှိရသဖြင့် ကော်မရှင်လူကြီးများ မရှိချိန်တွင် မဲပုံးဖွင့်လှစ်ခြင်းသည် ရိုးသားသော သဘော​မရှိ၍ လိုအပ်သလို စစ်ဆေးအရေးယူပေးနိုင်ရန် ကန့်ကွက်လွှာ တင်သွင်းခဲ့သဖြင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရီးမြင့်က တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယှဉ်ပြိုင်သည့်ပါတီ ကိုးပါတီမှ ကိုယ်စားလှယ် အားလုံးနီးပါးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တို့ ညှိနှိုင်းပြီး အရေးယူရန် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အောက်တိုဘာ ၃၁ ရက်တွင် ညှိနှိုင်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်က '' ကျွန်တော်တို့အဖွဲ့ လက်တွေ့မြင်ခဲ့တော့ ကန့်ကွက်လွှာတင်တယ်။ ပါတီစုံအဖွဲ့တွေနဲ့ ရွေးကောက်ပွဲကော်မရှင် ဆွေးနွေးတော့ ဒီလူဟာ မရောက်သင့်တဲ့နေရာရောက်တာ မှန်တယ်။ အရေးယူဖို့ တောင်းဆိုတယ်။ မဲပုံးထဲက မဲတွေကို ပယ်မဲလုပ်ဖို့ တောင်းဆိုတယ်။ အရေးယူဖို့တော့ သဘောတူကြပြီး ကန့်ကွက်မဲလုပ်ဖို့က တစ်ခြားပါတီတွေက အားလုံးကန့်ကွက်တော့ သီးခြားချိတ်ပိတ်ပြီးထားဖို့ သဘောတူတယ်''ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် မြင်တွေ့ခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဦးဘီဒူလေးက '' ကျွန်တော်ရောက်တော့ ၆ နာရီ ၅၀ မိနစ်ရှိပြီ။ ကျွန်တော်တို့ စောင့်ကြည့်သူတွေအားလုံး သဘောတူထားတဲ့ မဲထည့်တဲ့ အပေါက်ကို တိပ်နှင့်ကပ်ထားတာက ပွင့်နေတာ။ ဘယ်သူဖွင့်သွားလည်း မေးကြည့်တော့ NLD က စည်းရုံးရေးမှူးလို့ ပြောတယ်။အမှန်က ကျွန်တော်တို့ အားလုံးစုံမှ မနက် ၇ နာရီမှာ ဖွင့်မယ်လို့ သဘောတူထားကြတာပါ။ အဲဒါကိုပါတီကို တင်ပြပြီး ကန့်ကွက်လွှာတင်လိုက်ပါတယ်''ဟု ပြောကြားသည်။

အဆိုပါကြိုတင်မဲပုံးကို ရပ်ကျေးကော်မရှင်တွင်ထားရှိပြီး ရပ်ကျေးကော်မရှင်အဖွဲ့ဝင်အချို့လည်း ရောက်နေကြောင်း၊ အရေးယူမှဖြစ်မည့်အခြေနေ ဖြစ်လာသဖြင့် အရေးယူရကြောင်း၊ မဲမသာမှု ကိစ္စရပ်မှာ ဖြစ်နိုင်သည့် အနေအထားမရှိကြောင်း ဝိုင်းမော်မြို့ ရပ်ကွက် (၄) ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးရီမြင့်က ပြောကြားသည်။

ဦးရီမြင့်က '' မသမာတဲ့ အနေအထား မရှိပါဘူး။ ဒါပေမယ့် ဥပဒေအရတော့ ချိုးဖောက်သလို ဖြစ်သွားတော့ အရေးယူရတာပေါ။ မဲပုံးထဲမှာ ၁၁၂ မဲကိုတော့ ချိတ်ပိတ်ထားလိုက်ပါပြီ။ စောင့်ကြည့်သူတွေက အထဲကို အဝင်မခံတော့ပါဘူး''ဟု ပြောကြားသည်။

 ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးရီမြင့်က ဝိုင်းမော်မြို့မရဲစခန်းတွင် (ပ)၂၉၄ /၂၀၂၀ ၊ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ - ၅၉ (င)ဖြင့် အမှုဖြင့် အရေးယူထားကြောင်း သိရသည်။

တရားစွဲခံရသူ ဦးသန်းဌေးက '' အောက်တိုဘာ ၂၉ ရက်မှာ သဘောတူပြီး မဲထည့်ပေါက်ကို တိပ်နဲ့ပိတ်ပြီး စာရွက်ဖြူခံ မင်စိုနိပ်ထားတယ်။ မနက်မှာ လူစုံဖွင့်မယ်ပေါ့။ ကျွန်တော်လည်း မဲရုံကို ၆ နာရီ ၄၅ လောက်ရောက်တော့ ကော်မရှင်တစ်ယောက်၊ စာရေးတစ်ယောက် ရှိတယ်။ ကျွန်​တော်က စျေးသွားစရာရှိတော့ ကျွန်တော်တို့ ဖွင့်ကြမလားလို့ ပြောပြီး တိပ်ကိုခွာပြီး ထွက်လာခဲ့တယ်။ ရဲတစ်ယောက်လည်း တံမြက်လှည်းနေပါတယ်။ မဲပေးမယ့်သူလည်း နှစ်ဦး ရောက်နေပါပြီ။ မနက် ၁၀ နာရီလောက်မှ ကျွန်တော် မဲပုံးဖွင့်တဲ့ကိစ္စကို ပြောနေကြလို့ ကျွန်တော်သိတာ။ ကျွန်တော်ကလည်း စိတ်လောပြီး တိပ်ခွာပြီး ထွက်လာတာပါ။ အခုတော့ တရာစွဲထားတယ်ဆိုတော့ ရင်ဆိုင်ရမှာပေါ့။ ကိုယ်လည်း စေတနာအမှားပါ ။ မဲပုံးထဲလည်း ဘာမှ မထည့်ခဲ့ပါဘူး''ဟု ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ - ၅၉(င) မှာ မဲရုံးမှူး၏ ခွင့်ပြုချက်မရှိုပဲ မဲဆန္ဒရှင် မဲပုံးကို ရွေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖွင့်ကြည့့်ခြင်း၊ ကိုင်တွယ်ခြင်းများ မပြုလုပ်ရန်၊ ပြုလုပ်ပါက ကျပ်ငွေ တစ်ကျပ်မှ တစ်သိန်းအထိသော် လည်းကောင်း၊ ထောင်ဒဏ် တစ်ရက်မှ တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။


Credit: Eleven Media Group 

Post a Comment

0 Comments

Total Pageviews