ကာချုပ်ရဲ့ ပြောဆိုချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးကပြောလိုက်တဲ့အပေါ် တပ်မတော်ကလည်း ပြန်လည်တုံ့ပြန်
နေပြည်တော်-နိုဝင်ဘာ ၄-၂၀၂၀
တာတီး(VOM)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေါ်ပြူလာနယူးဂျာနယ်နဲ့ မေးမြန်းခန်းမှာ UECကို သတိပေးတဲ့ထုတ်ပြန်ချက်ဟာ ဥပဒေအကြောင်းအရ ညီညွတ်ပါသလားလို့ မေးတဲ့အပေါ် ပြန်လည်ဖြေကြားချက်မှာ
“ဘာလို့မညီညွတ်ရမှာလဲ တပ်မတော်က နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောင့်ပေးရမယ်လို့လည်း ပြဋ္ဌာန်းပေးထားတယ်။ အခြေခံဥပဒေအရပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ နိုင်ငံတော်ကြီးတည်ဆောက်နေတာ၊ ဒီအပေါ်မှာခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်ကပြောဖို့တာဝန်ရှိတယ်၊ ကျွန်တော်တို့မပြောရင် ဘယ်သူပြောမလဲ။ နိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ တဖြည်းဖြည်းနဲ့ဝေဖန်မှု့ရှိလာပြီ နိုင်ငံရဲ့သိက္ခာဆိုတာရှိပါတယ်။ နိုင်ငံရဲ့သိက္ခာတော့ ကျွန်တော်တို့ အထိခိုက်မခံနိုင်ပါဘူး။ ဒါကိုမဖြစ်စေချင်လို့ ကျွန်တော်ထုတ်ပြောတာ တော်ရုံတန်ရုံ ကျွန်တော်ပြောခဲပါတယ်၊ မဖြစ်စေချင်လို့ ကျွန်တော်သတိပေးတာပါ၊ တာဝန်ယူတာတော့ အစိုးရတာဝန်ယူရလိမ့်မယ်" လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ် ဒီကနေ့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခြေခံဥပဒေ နိုင်ငံဥပဒေတွေနဲ့ မညီညွတ်ကြောင်း ခုလို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
“ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ယခုထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်တစ်ချို့ရဲ့ တိကျရေရာတဲ့၊ သေချာမှု မရှိတဲ့ ပြောကြားချက်များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာ မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။
၂၀၁၈ ခုနှစ်၊ ဖွဲစည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ(၂၆)၊ ပုဒ်မခွဲ(က) အရ " နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်ရမယ်" လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံဝန်ထမ်းဥပေး၊ ပုဒ်မ (၁)၊ ပုမခွဲ(င) အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည် းတစ်ရပ်ရပ်၏ ဖွဲ့စည်းပအုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်း ခံရသည့် နိုင်ငံဝန်းထမ်းများကို ဆိုလိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘောသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကြုံးဝင်ခြင်း မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်” ဆိုတာကို သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ခုလို သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဋ္ဌေးကပြောဆိုတဲ့အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM က ဆက်သွယ်မေးကြည့်ရာမှာတော့
" ဥပဒေနဲ့ ကိုက်ညီတယ်မကိုက်ညီဘူးဆိုတာကတော့ ကျနော်တို့အနေနဲ့ကတော့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုလုံးရဲ့အနှစ်သာရက အခန်း ၁ပဲ နိုင်ငံတော်ရဲ့အခြေခံဥပဒေမူများဘဲ အခြေခံမူများထဲမှာကတော့ ပုဒ်မ၆(စ)အရ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကပါဝင်ရမယ်ပါတယ်။ အခန်း(၁)က အခြေခံဥပဒေ အခန်း ၂၀(င)နဲ့ (စ) အရ ဒို့တာဝန်အရေးကာကွယ်စောင့်ရှောက်ဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့လို့ ပါတယ်။ ဒါ့ကြောင့်မို့ ကျနော်တို့ရဲ့ထုတ်ပြန်ချက်တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာနယူးနဲ့ပြောတဲ့ဟာတွေသည်
ပါတီနိုင်ငံရေးတခုမှမပါ အမျိုးသားနိုင်ငံရေးတွေဘဲ တကယ့်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြောခဲ့တာတွေဖြစ်တယ်။ ပြောရမယ့်တာဝန်ရှိတယ် ဘာ့ကြောင့်လဲဆိုရင် ဖွဲ့စည်းပုံကိုချိုးဖေါက်နေတာတွေကို ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့အဓိကတာဝန်ရှိတာကြောင့် ပြောဖို့အသိပေးဖို့တာဝန်ရှိတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ခုလို တပ်မတော်နဲ့ အစိုးရ တဖက်နဲ့တဖက် တုံ့ပြန်ပြောဆိုနေတာတွေဟာ တပ်နဲ့ အစိုးရ သဘောထား မတူညီမှုတွေဖြစ်နေပြီလားဆိုပြီး နိုင်ငံရေးလေ့လာသူတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
Credit: Voice of Myanmar
0 Comments