လိပ်ကျွန်းလူသတ်မှုက ဝင်း နဲ့ ဇော် အတွက် ထပ်မံ မေတ္တာရပ်ခံလိုက်တဲ့ တပ်ချုပ်ကြီး

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

==============

နေပြည်တော်၊ နိုဝင်ဘာ - ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi အား Video  Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးသည်။


အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မြေပြင်၊ ရေပြင်နှင့် ဝေဟင် နယ်နမိတ်များထိစပ်နေသည့် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းရှိသည့်အခြေအနေများ၊ ထိုင်းဘုရင့်တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုရှိပြီး မြန်မာ့နိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများတွင် ထိရောက်သည့်အထောက်အကူဖြစ်စေသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများကို မဲပေးခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် မြန်မာ့တပ်မတော်မှ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေခဲ့သည့် အခြေအနေများ၊

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ဦးနှင့် ဇော်လင်းတို့နှစ်ဦးတို့အတွက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်များ၌ မေတ္တာရပ်ခံချက်၊ တရားဝင်စာရေးသားပေးပို့ခဲ့သည့် မေတ္တာရပ်ခံချက်များအပါအဝင် အခြားမေတ္တာရပ်ခံချက်များကြောင့် ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြစ်ဒဏ်မှလျော့ချပေးနိုင်ခဲ့သည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေအားလုံး ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊

 

တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ကဏ္ဍအလိုက် အစည်းအဝေးများကို နှစ်စဉ်ပုံမှန်ကျင်းပပြုလုပ်လျက်ရှိပြီး COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးဘဲ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ မြန်မာ့တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Credit: တပ်မတော်သတင်းမှန် 

Post a Comment

0 Comments

Total Pageviews