Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ

 ၁။ ဆရာ မင်္ဂလာပါရှင်။ ကျွန်မ ကိုယ်ဝန် သုံးလ ရှိပါပြီ။ ဒုတိယကလေးပါ။ အသက် ၃၄ပါ။ အခု နေထိုင်မကောင်းပါဘူးရှင်။ ပထမကလေးတုန်းက မခံစားရတာတွေခံစားရပါတယ်။ အိပ်ယာထဲက မထနိုင်ပါဘူး။ အမြဲတမ်းရင်တုန်ပြီး အန်ချင်နေပါတယ်။ အစားစားပြီး နာရီဝက်နေရင် ပြန်အန်ပါတယ်။ ဆရာဝန်ပြကြည့်တော့ အစာအိမ်ရောင်တယ်လို့ ပြောပါတယ်။ အားဆေးတွေလည်း ချိတ်ရပါတယ်။ ဆိုးရွားတာကတော့ ညဘက်အိပ်လို့လုံးဝမရတာပါ နေ့ခင်းဘက်လည်း အိပ်လို့မရပါဘူး။ ဘာလုပ်သင့်ပါလဲရှင်။


၂။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီ။ အခု ကိုယ်ဝန် ၂၇ ပတ်ရှိပါပြီ။ ကျွန်မ ခြေတွေလက်တွေ တအားနာတယ်ဆရာ။ ခြေတွေလည်းရောင်တယ်။ လမ်းလျှောက်လည်း ခြေတွေတအားနာတယ်။ လက်ချောင်းတွေလည်းနာတယ်ဆရာ။ ကျေးဇူပြုပြီး ဖြေပေးပါဆရာ။


၁။ ရင်သားအပြောင်းအလဲများ

• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ ဂလင်းလေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။

• တချို့မှာ နာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။

• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေမြင်လာရမယ်။

• နို့သီးအရောင်လဲ ရင့်လာ၊ မည်းလာမယ်။

• ကနဦးနို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။

• ဘရာချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ ချည်ထည်နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဘရာအရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် ဘရာအတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။

• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။



၂။ ကိုယ်ဝန်ဆောင်စဉ်အားယုတ်ခြင်း

• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ အင်နာဂျ ပိုလိုလို့ပါ။

• သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။

• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။

• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။

• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။


၃။ ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း

• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။

• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။

• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် မောနင်း-ဆစ်ကနက်စ်လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။

• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ ခရက်ကာ စတာမျိုး၊ နောက်ပြီး ပရိုတင်းများတာ ဥပမာ အဆီလွတ်အသား၊ ချိစ်ကို ညမအိပ်ခင်စားပါ။

• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။

• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။

• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။

• ဗီတာမင် ဘီ-၆ သောက်ပါ။

• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။


၄။ ဆီးခဏခဏသွားခြင်း

• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။

• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊

• ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။


၅။ ခေါင်းကိုက်ခြင်း

• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ PET သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။

• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။

• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။

• လိုအပ်ရင် ပါရာစီတမောဆေးပြားသောက်ပါ။

• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။


၆။ ဝမ်းချုပ်ခြင်း

• ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ ဗီတာမင်တွေနဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။

• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။

• ဖိုက်ဘာများတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။

• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။

• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။

• ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။


၇။ မူးဝေခြင်း

• ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့ ပရိုဂျက်စတီရုံးကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။

• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။

• မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။

• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။

• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။

• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။


၈။ အိပ်မပျော်ချင်ခြစ်လာခြင်း

• အိပ်ဆေးမသောက်ပါနဲ့၊

• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊

• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊

• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။


၉။ အစာအကျေ-ဗိုက်အောင့်ခြင်း

• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။

• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။

• ရေနွေး၊ ရေနွေးကြမ်းသောက်ပါ။

• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။

• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။

• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။


၁ဝ။ လိပ်ခေါင်း

• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။

• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။

• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။

• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။

• အတွင်းခံကျပ်မနေပါစေနဲ့။

• လိုအပ်ရင် ဆရာဝန်ပြပါ။


၁၁။ သွေးပြန်ကြောထုံးခြင်း

• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။

• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။

• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။


၁၂။ ကြွက်တက်ခြင်း

• ကယ်လ်စီယမ်များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါး။

• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။

• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။

• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။

• ပက်လက်အိပ်တာ နည်းပါစေ။

• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။


၁၃။ နှာခေါင်းပိတ်ခြင်း

• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။

• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။

• Nasal sprays ဆေးမသုံးပါနဲ့။

• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။

• ခေါင်းအုံးအပိုသုံးပါ။

• Humidifier or Vaporizer သုံးနိုင်တယ်။


၁၄။ အသက်ရှူမဝခြင်း

• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျျော့ချလိုကပ်ပါ။ နားလိုက်ပါ။

• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။

• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။


၁၅။ အကြောပြတ်ခြင်း

• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။

• Vitamins C and E တွေသောက်ပေးပါ။

• Skin lotion လိမ်းပါ။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။


၁၆။ ခြေထောက်ရောင်ခြင်း

• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။

• မတ်တပ် အကြာကြီးမရပ်ပါနဲ့။

• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။

• ငန်တဲ့အစာတွေ ရှောင်ပါ။ ဆိုဒီယမ်များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။

• ခြေထောက်ပိုင်း မြျှင့်ထာနားပါ။

• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။

• ပရိုတင်းများများစားပါ။

• မျက်နှာပါရောင်ရင် ဆရာဝန်ပြပါ။ သွေးဖိအားများရင် ဆရာဝန်ပြပါ။ ဆီးထဲ အနည်ပါရင် ဆရာဝန်ပြပါ။ PET သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။


၁၇။ မွေးလမ်းကစိုနေခြင်း

• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။

• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။

• ချည်ထည်အတွင်းခံသာသုံးပါ။

• အတွင်းခံ တင်းကြပ်မနေစေနဲ့။

• ဗဂျိုင်းနားဆေးကြောနည်း မလုပ်ပါနဲ့။

• ဆပ်ပြာနဲ့ ရေသာသုံးပါ။

• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။

• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။


၁၈။ ခါးနာခြင်း

• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။

• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။

• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။

• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။

• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။

• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊

• စတီရွိုက်မပါတဲ့ အနာသက်သာဆေးသောက်ပါ။


၁၉။ ဗိုက်အောင့်ခြင်း

• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။

• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။

• ပါရာစီတမော လိုအပ်ရင်သောက်ပါ။

• မသက်သာရင် ဆရာဝန်ပြပါ။


၂ဝ။ ကလေးလှုပ်ခြင်း

• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။

• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။

• မွေးချင်သလား အထင်မှားတတ်တယ်။


Dr. တင့်ဆွေ

Post a Comment

0 Comments

Total Pageviews