ကျေးဇူးပါ ရွာတော် ကွာရန်တင်းစင်တာ

 ကျေးဇူးပါ ရွာတော်ကွာရန်တင်းစင်တာ



နောက်ဆုံးတော့လည်း ကျွန်တော်တို့ရဲ့ ကွာရန်တင်းနေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီပေါ့။ ၁၅-၁၀-၂၀၂၀ ရက် ညနေကနေ ၂၄-၁၀-၂၀၂၀ မနက်အထိ ၉ ညအိပ် ၈ ရက်တာကြာတဲ့ ဒီကွာရန်တင်းကာလဟာ နောင်တစ်ချိန်ချိန်ကျရင်တော့ “အဲ့ဒီ ကိုဗစ်ကာလမှာ ငါတို့တွေ ကွာရန်တင်းဝင်တုန်းက ဘယ်လို၊  အစားအသောက်က ဘယ်လို၊ Swab ယူကြရတာက ဘယ်လို၊ အဲ့ဒီနေ့က ဘယ်လိုမျိုးဖုန်းလာလို့ လန့်သွားကြတာက ဘယ်လို” စသည်စသည်အားဖြင့် ရှေးဖြစ်ဟောင်းတို့ အောက်မေ့ဖွယ်ဖြစ်နေရမှာပါ။



နောက်ရက် နောက်ရက်တွေဆို မနက် မိုးလင်းတာနဲ့ ကကြီးအဆောင်က အစ်ကိုတို့ မနက်စာစားလို့ရပါပြီဆိုတဲ့ လော်သံလေးကိုလည်း သတိရနေမိမယ်ထင်တယ်။ ကိုယ်တွေကို မှတ်မှတ်ထင်ထင်ရှိနေပြီဖြစ်တဲ့ လော်အော်တဲ့ တတပ်မ‌တော်က ဆရာ‌လေးကတော့ ဒီကနေ့ဆို ကကြီးဆောင်က အစ်ကိုတွေ မရောက်လာသေးဘူးထင်ပြီး ကကြီးဆောင်ဘက်လှည့် အထပ်ထပ်အော်ခေါ်နေမလားမသိ။ ဟုတ်တယ်။ ဒီခုနစ်ရက်အတွင်းမှာ ကျွန်တော်တို့ကို မြင်တာနဲ့ ကကြီးအဆောင်ကမှန်း တန်းသိတယ်။ တစ်ခါတလေ လေကြောင်းပြောင်းလို့ လော်သံကို သဲသဲကွဲကွဲမကြားမိလိုက်လို့ ကိုယ်တွေရဲ့ ကကြီးအဆောင်ကို မခေါ်ခင် ရောက်သွားပြီး စောင့်နေတာမြင်ရင် ကကြီးအဆောင်ကအစ်ကိုတွေ ကြားက ဝင်လိုက်ပါ၊ ရပါတယ်နဲ့။ နေ့စဉ် နံနက်၊ နေ့လယ်၊ ညနေ သုံးကြိမ်တောင်မှ လာလာပြီးဝေရတဲ့ တပ်မတော်သား အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။



ဒါ့အပြင် အဲ့ဒီလိုဝေနိုင်ဖို့အတွက် နောက်ကွယ် စားဖိုဆောင်ကနေ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်ကြရတဲ့ (Master Chef) အဖွဲ့သားတွေ၊ သောက်ရေအတွက် ရေသန့်စက်ကနေ သောက်ရေတွေသယ်ယူပြီး ဖြည့်ဆည်း ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။



မနက်တစ်ခါ ညနေတစ်ခါ အပူချိန်လာတိုင်းပေးတဲ့ တပ်မတော် ဆေးဝန်ထမ်းလေးကိုလည်း ကျွန်တော်တို့တွေ သတိတရနဲ့ ကျေးဇူးတင်ရှိနေမှာပါ။ ကျွန်တော်တို့က ဖျားတာနာတာ မရှိပေမယ့် အဆောင်တစ်ခုက ဖျားတဲ့သူတစ်ယောက်ဆီကို အပူချိန်တိုင်းပြီးတဲ့နောက် ဆေးလာပေးတာကိုလည်း တွေ့လိုက်ဖူးတာမို့ သေသေချာချာကို ဂရုစိုက်တာက တွေ့လိုက်ရပါတယ်။ အဆောင်တွေဆီကို မနက်တစ်ခါ ညနေတစ်ခါ ရောက်ရောက်လာ တတ်တာက သူပဲရှိတာမို့ တို့ဖက်နမူနာယူဖို့ကိစ္စတို့ သိချင်တာ ဘာဘာညာညာဆို သူ့ကိုပဲမေးရတယ်။



အဆောင်ရှေ့က အမှိုက်တောင်းနှစ်တောင်းက အမှိုက်တွေကို နေ့စဉ် လာလာသိမ်းပေးတဲ့ ပီပီအီးဝတ်စုံတွေ၊ မက်စ်တွေ၊ ဖေ့စ်ရှီးတွေ တပ်ထားလို့ မျက်နှာကို မမြင်ရပေမယ့် စိတ်နှလုံးလှအရမ်းလှတဲ့ ရဲမေတွေကိုလည်း အမှတ်တရနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့တွေ အားနာစွာနဲ့ပဲ အမှိုက်တွေ ပစ်နေရပေမယ့် တတ်နိုင်သမျှ စည်းကမ်းတကျဖြစ်အောင် စားကြွင်းစားကျန်တွေ၊ တစ်သျှူးစတွေကို စသဖြင့် အမှိုက်တွေကို ကြွပ်ကြွပ်အိတ်အမဲနဲ့ သေချာထုပ်ပိုးပြီးမှ ထည့်ပေမယ့် အချို့ ဒီအတိုင်း ပြီးစလွယ် လွှင့်ပစ်ကြတဲ့ အမှိုက်တွေကို သူတို့ခမျာ နေ့စဉ် လာသိမ်းပေးရှာတယ်။ ကျေးဇူးတင်ပါတယ်။ 



ရောက်စက မယောင်မလည်နဲ့ မေးစရာ မြန်းစရာမရှိဖြစ်နေတုန်းမှာ ရေဘားတွေ၊ ရေတင်တဲ့ မီးခလုတ်တွေ လာပြပေးသွားတဲ့ အဆောင်မှူး (နာမည်တွေဘာတွေမသိတော့ အဆင်ပြေသလိုခေါ်လိုက်တာ) ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။


ဒါ့အပြင် ကွာရန်တင်းစင်တာလုပ်ဖို့အတွက် အခန်းတွေ၊ ကုတင်တွေ ကြိုတင်ပြင်ဆင်ပေးထားကြရတဲ့ အဖွဲ့တွေ၊ အခန်းသန့်ရှင်းရေးကိစ္စ ဆောင်ရွက်ရသူတွေလည်း ရှိပါလိမ့်မယ်။ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ ရှိနေစဉ်အတွင်းမှာပဲ အဆောင်တွေရဲ့ ပတ်ပတ်လည်မှာရှိနေတဲ့ မြက်ပင်တွေကို ရှင်းလင်းပေးကြတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။


Q ဝင်လာသူတွေအတွက် အိပ်ရာလိပ်တွေ အသုံးပြုနိုင်ဖို့ စီစဉ်ပေးကြတာတွေလည်း ရှိပါတယ်။ ကိုယ်တွေကတော့ အိပ်ရာလိပ်ပါလာတာမို့ ယူမသုံးဖြစ်ခဲ့ပါဘူး။ အိပ်ရာခင်း၊ ခြင်ထောင်ကအစ အရင်လူသုံးပြီးသားကို ဒီအတိုင်း လိပ်ထားတာမဟုတ်ဘဲ ပိုးသတ်ဆေးဖြန်းပြီး သေသေချာချာ စီစဉ်ပေးထားတာကို မြင်တွေ့ခဲ့ရပါတယ်။ စိတ်ချလက်ချသုံးလို့ရပါတယ်။  ကျေးဇူးတင်ပါတယ်။


နောက်တစ်ခါ ကွာရန်တင်းဝင်ဖို့ ကွာရန်တင်းစင်တာကို အသွားအပြန် စီစဉ်ပေးထားတာလည်း တွေ့ရပါတယ်။ အသွားကိုတော့ ထွေအုပ်အဖွဲ့တွေက စီစဉ်ထားပုံရပါတယ်။ အပြန်အတွက်လည်း စိတ်မပူပါနဲ့။ တပ်မတော်မှ စီးတီးဘက်စ်ကားကြီးနဲ့ တာဝန်ရှိသူတစ်ဦးကိုယ်တိုင်လိုက်ပါပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံးအထိ သတင်းပို့ အပ်နှံပို့ဆောင် ပေးပါတယ်။ ကိုယ်တွေက ဌာနကားနဲ့မို့ လိုက်မစီးဖြစ်ပေမယ့် တကူးတက လိုက်လံပို့ဆောင်ပေးတာတွေ့ရလို့ ကျေးဇူးတင်ပါတယ်။


ထို့အတူပဲ ဒီကာလမှာ အရမ်းပင်ပန်းနေကြပြီဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေ၊ ကွာရန်တင်းစင်တာမှာ အမျိုးမျိုးသော တာဝန်ထမ်းဆောင်နေကြရသူတွေ၊ ဒီလိုမျိုး ကွာရန်တင်းစင်တာမှာ နေထိုင်ရေး၊ စားသောက်ရေး အစစ လိုလေးသေးမရှိအောင် အဖက်ဖက်ကကြိုတင်စီစဉ်ပေးထားတဲ့ တပ်မတော်သားတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။



ဘာပဲဖြစ်ဖြစ် ကွာရန်တင်းဝင်ရလို့ အတွေ့အကြုံတစ်ခု ရတယ်ဆိုပေမယ့် သင့်ကြောင့် အားလုံးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ မလိုအပ်ဘဲနဲ့ ကွာရန်တင်းမဝင်ရအောင် နေပေးကြပါ။  မလိုအပ်ရင် အိမ်အပြင်မထွက်ကြပါနဲ့၊ အပြင်ထွက်တိုင်း မက်စ်တပ်ပါ၊ လက်ကိုခဏခဏဆေးပါလို့ တိုက်တွန်းရင်း.........


#My_Quarantine_Days #Go_Corona #Stay_Safe #AT_Q_Days

Post a Comment

0 Comments

Total Pageviews