AA အကြမ်းဖက်တွေရဲ့စခန်းကို တပ်မတော်သိမ်းလိုက်ပြီ

 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး ကျေးရွာလူထုအား အကာအကွယ်ရယူ၍ လမ်းပန်းဆက်သွယ်မှုလုံခြုံရေးအား ဖြတ်တောက်ခြိမ်းခြောက်နေသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ခြေကုတ်စခန်းအားသိမ်းပိုက်ရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၄

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားသည့် ကားလမ်းနှင့် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းတို့၏ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာနေရာယူ၍ လမ်းပန်းဆက်သွယ်မှုဖြတ်တောက်ခြင်း၊ ရေယာဉ်များအား မကြာခဏပစ်ခတ်ခြင်းဖြင့်  ခြိမ်းခြောက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၂ နာရီခန့်တွင် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားသည့် လမ်းကြောင်းကို ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာနေရာယူ၍ အရပ်သားများအသွင်ဖြင့်အယောင်ဆောင်ကာ အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ကျေးရွာသားများအား လူသားတံတိုင်းအဖြစ် အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဒေသခံပြည်သူများအား မကြာခဏ ချောင်းမြောင်းသတ်ဖြတ်ခြင်း၊  ဖမ်းဆီးခေါ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအပြင် ရေလမ်းကြောင်းကိုလည်း ဖြတ်တောက် ပိတ်ဆို့ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း၌ပင် ရေယာဉ်များအား ဖြတ်တောက်ပိတ်ဆို့ပစ်ခတ်မှု ၆ ကြိမ်ရှိပြီဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လမှစ၍ လမ်းကြောင်းလုံခြုံမှုရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရာသီဥတုဆိုးရွားပြီး မိုးတွင်းကာလဖြစ်သဖြင့် လှုပ်ရှားသွားလာရန် အခက်အခဲများကြားမှ မဆုတ်မနစ်သက်စွန့်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယနေ့နံနက် ၂ နာရီခန့်တွင် ၎င်းတို့နေရာယူထားသည့် နေရာများကို သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews