သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်

ရှမ်းပြည်နယ်ရှိ သိန္ဒီဟော်နန်းနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော် GE တပ်က ပြုပြင် ထိန်းသိမ်းပေးမည်ဖြစ်ရာ ယခု အခါ နယ်မြေ ကွင်းဆင်းပြီး မြေပြင်အခြေအနေများကို လေ့လာခြင်း၊ ဓါတ်ပုံမှတ်တမ်းများ ရယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျိုင်းတုံနှင့် လားရှိုး ခရီးစဉ်များတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ များနှင့် တွေ့ ဆုံခဲ့ရာ ယင်းအဖွဲ့ များက ဟော်နန်းများကို ပြင်ဆင်ပေးရန် တင်ပြမှုများ ရှိသဖြင့် အထက်ပါအတိုင်း စတင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 “သမိုင်းကြောင်းတွေရယ်၊ အခုလောလောဆယ် လက်ရှိ ရှိနေတဲ့ ပုံလေးတွေရယ်၊ သိန္ဒီဟော်နန်းကတော့ အစအဆုံး ပြင်ရ မှာဆိုတော့ သူက ကြည့်နေတုန်းပဲ ရှိသေးတယ်။ မိုင်းပွန်ဟော်နန်းကတော့ ဘာတွေ ပြင်ရမလဲဆိုတာ ထည့်ရေးထားတာ ရှိတယ်။ ပြင်မှာကတော့ GE တပ်က ပြင်မှာ”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

 ဟော်နန်း ၂ ခုစလုံးကို လောလောဆယ် တပ်မတော်က သွားရောက် လေ့လာကြည့်ရှု့ နေပြီ ဖြစ်ပြီး မည်သို့ ဆောင်ရွက်ရ မည်ကိုလည်း လေ့လာနေကြောင်း၊ အစိုးရ ယဉ်ကျေးမှု ဌာနနှင့် ညှိနှိုင်းပြီး ပြင်ဆင်မှုများ လုပ်ဆောင်မည် ဖြစ်ရာ ယခုနှစ် ကုန်ပိုင်းနှင့် နောက်နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများ စတင်ရန် ရှိကြောင်း တပ်မတော်က ပြောသည်။
“သိန္ဒီဟော်နန်းကတော့ အသစ်နီးပါးလောက် ဆောက်ရမှာပေါ့။ မိုင်းပွန်စော်ဘွားကြီး ဟော်နန်းကတော့ ပြင်ဆင်ရမှာပေါ့။ သိန္ဒီဟော်နန်းကတော့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ က ပိုင်တယ်။ မိုင်းပွန် စော်ဘွားကြီးရဲ့ အမျိုးတွေလည်း ရှိသေးတယ်။ ပြင်ပြီးရင် သူတို့ကိုပဲ ပြန်ပြီးတော့ လွှဲပြောင်းပေးသွားဖို့ ရှိပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

သိန္ဒီဟော်နန်းကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ထိန်းသိမ်းထားပြီး ယင်းဟော်နန်းကို စော်ဘွားကြီးကိုယ်တိုင်က စာ ချွန်တော့်ဖြင့် ၎င်းတို့ အသင်းသို့ လွှဲပြောင်းပေးထားခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဟော်နန်းမှာ အုပ်ခုံသာသာ ရှိပြီး အစိုးရကလည်း ၎င်းတို့၏ ထိန်းသိမ်းမှုအောက်တွင် မရှိသဖြင့် ပံ့ပိုးကူညီမှု မပေးနိုင်ကြောင်း သိန်းနီမြို့ ရှမ်းစာပေနှင့် ယဉ် ကျေးမှု အသင်း ဥက္ကဌ ဦးစိုင်းမြင့်ထွန်းက ပြောသည်။ 

 ထိုအချိန်တွင် ၂၀၁၄ ခုနှစ်၌ ဟော်နန်းနှစ် ၁၀၀ ပြည့်ပွဲ ကျင်းပရာ ထိုစဉ်က ဒုသမ္မတအဆင့် တက်ရောက်လာပြီး အလှူအတန်း လုပ်ကြောင်း၊ ထိုစဉ်က စစ်တိုင်းမှူးလည်း လာရောက်လည်ပတ်သည့်အခါ ဟော်နန်း အခြေအနေများ မေးမြန်းပြီး ပြန်လည် တည်ဆောက်နိုင်ရေး ကူညီပေးရန် ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ “ကျနေ်ာတို့ သွားတောင်းတာ မဟုတ်ဘူး။ အခုတော့ ကျနေ်ာတို့ကို ခေါ်တွေ့ တာပေါ့။ ကျနေ်ာတို့ ဖြစ်ချင်တဲ့ ပုံစံလေးတွေ တပ်ချုပ်ဆီကို တင်ပြတော့ ဝိုင်းလုပ်ကြတာပေါ့။ ကူညီပေးပါ့မယ်ဆိုပြီ ရခဲ့တယ်။

 GE တပ်ကတော့ Survey ဆင်းနေတယ်။ ကျနော်တို့ကလည်း ဒါက တည်ဆောက်ရေး ကော်မတီ ဖွဲ့ ထားပြီးသား ရှိပါတယ်”ဟု ဥက္ကဌ ဦးစိုင်းမြင့်ထွန်းက ပြောသည်။ တည်ဆောက်ရေး ကော်မတီတွင် သံဃာနာယက ဆရာတော်များ၊ သိန္ဒီ မြို့ မိမြို့ဖများနှင့် အသင်းတာဝန်ရှိသူများ ပါဝင်ကြောင်း၊ ဟော်နန်းပြန်ဆောက်နိုင်ရေးမှာလည်း ရှမ်းမျိုးနွယ်စု အားလုံးကလည်း သဘောတူပြီး ရည်ရွယ်ချက် ရှိထား သည်မှာ ကြာပြီ ဖြစ်ကြောင်း သိရသည်။

 ဦးစိုင်းမြင့်ထွန်းက“စော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ သမိုင်းတွေကို အမျိုးသား အသွင် လက္ခဏာတရပ်အနေနဲ့ ဒီအချိန်မှာ ပြန် ပြီးတော့မှ ရှိထား စေချင်တာ။ သမိုင်းဝင်တဲ့ ကျနော်တို့ ရှမ်းစော်ဘွားတွေ ရှိခဲ့တဲ့ အရာတွေကို ပြန်ဖော်ထုတ်ချင်ပါတယ်။ သမိုင်းတွေ အနေနဲ့ နောင်လာနောက်သားတွေ သိသွားအောင်ပေါ့”ဟု ပြောသည်။ သိန္ဒီဟော်နန်းကို မြန်မာ သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် သိန်းနီမြို့ကို အုပ်ချုပ်ခဲ့သည့် စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ၁၂၇၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၂၇၅ ခုနှစ်တွင် နန်းတက်ပွဲ အခမ်းအနား ကျင်းပခဲ့သည်ဟု သိန္ဒီဟော်နန်း သမိုင်း အကျဉ်းတွင် ဖော်ပြထားသည်။

 မြန်မာ သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် သားတော် စစ်ဟုတ်ဖက ထီးနန်းလက်ခံခဲ့ပြီး သိန်းနီမြို့ ကို ဆက်လက် အုပ်ချုပ်ခဲ့ရာ နောက်ပိုင်းခတ် လက်ရှိကာလ ၁၉၈၁ ခုနှစ်တွင် စပ်ဟုတ်ဖ၏ သားတော်ကြီး စဝ်ယိဖက ရှေ့ ဟောင်း ဟော်နန်းနှင့် အ ဆောက်အဦ မြေနေရာအားလုံးကို သိန်းနီမြို့ ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မိုင်းပွန်ဟော်နန်းမှာလည်း အဆောက်အဦမှာ ပျက်စီးယိုယွင်းနေပြီး လိုအပ်သည့် အပိုင်းလိုက် ပြုပြင်မည် ဆိုပါက အမိုးမိုးခြင်း၊ ကြမ်းခင်းခင်းခြင်း၊ ရေနံချေးသုတ်ခြင်း၊ ကွန်ကရက်တိုင် အဖြောင့် ခြံစည်းရိုး ကာရံခြင်းများ ဆောင်ရွက်ရန် လိုအပ် လျက်ရှိကြောင်း၊ ယင်းဟော်နန်းကို ပြုပြင်ရန် ကျန်ရှိသူ မိသားစုဝင်များ၏ သဘောထားကို ရယူထားကြောင်း သိရသည်။ ရှမ်းပြည်နယ်ရှိ စော်ဘွားများသည့် ၎င်းတို့ နေထိုင် အုပ်ချုပ်စဉ် ကာလအတွင်းက ခမ်းနားထည်ဝါ လှပသော ဟော်နန်းများ တွင် နေထိုင်ခဲ့ကြသည်။ 

ရှမ်းဘာသာဖြင့် “ဟော်” ဟု ခေါ်သော ထိုဟော်နန်းများသည် တမူထူးခြားသော လက်မှု အနု ပညာဖြင့် ချယ်သထားသော အဆောက်အဦများ ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ ဟော်နန်းများမှာ မိုင်းပွန်ဟော်နန်း၊ ကျိုင်းတုံဟော်နန်း၊ ကျေးသီးဟော်နန်း၊ လဲချားဟော်နန်း၊ သီပေါဟော်နန်း၊ မိုင်းပန်ဟော်နန်း၊ မိုင်းပန်ဟော်နန်း၊ ညောင်ရွှေဟော်နန်း၊ သိန္ဒီဟော်နန်း၊ မိုင်းနောင်ဟော်နန်း၊ မိုးနဲဟော်နန်း၊ မိုးမိတ် ဟော်နန်း၊ မောက်မယ်ဟော်နန်၊ မိုင်းကိုင်ဟော်နန်းနှင့် ပင်လောင်းဟော်နန်းတို့ ဖြစ်ကြသည်။

 ဟော်နန်းတချို့သည် ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးကြဲခံရသဖြင့် ပျက်စီးမှုများ ရှိခဲ့သလို တချို့ ဟော်နန်းများမှာ ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလအစိုးရလက်ထက်တွင် ဟော်နန်းများမှာ ပြန်လည် ပြုပြင် ထိန်းသိမ်းခွင့် မရရှိခဲ့သဖြင့် ပျက်စီးသွားခဲ့ရ သည်ဟု သမိုင်း မှတ်တမ်း တချို့ အရ သိရသည်။
ဟော်နန်းများ ပျက်စီးမှုသည် အခြေအနေတခုနှင့် တခု မတူညီဘဲ ဗိုလ်ချုပ်ကြီး နေဝင်း ဒုက္ခပေးသဖြင့် ဒုက္ခရောက်ခဲ့ရသည့် ရှမ်းစော်ဘွားနှင့ ဟော်နန်းများရှိသလို အန္တရာယ် မပေးဘဲထားသည့် ဟော်နန်းများလည်း ရှိခဲ့ကြောင်း၊ တချို့ မှာ အသိမ်းခံရပြီး ဗုဒ္ဓဝင်ပြတိုက် ဖြစ်သွားသည့် ဟော်နန်းများလည်း ရှိကြောင်း ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

 “ဒီဘက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖက်ဒရယ် စနစ်ကို သဘောပေါက်လာပြီးတော့ လက်ခံလာတဲ့အခါမှာ တပ်က လည်း သဘောထားပြောင်းလာတယ်။ NLD အစိုးရတက်လာတဲ့အချိန်မှာ တချို့ ဟောတွေကို ပြန်ပြီးတော့ အဲဒီလို မွန်းမံဖို့ ဗုဒ္ဓဝင် ပြတိုက်တို့ ဘာတို့ လုပ်ထားတာကို နဂိုစော်ဘွားတွေရဲ့ အမှတ်တရ ပစ္စည်းတွေနဲ့ ပြတိုက်လုပ်ဖို့ အဲလိုမျိုးတွေ တောင်းဆိုတာကို NLD အစိုးရက လက်မခံဘူး”ဟု ဦးရဲထွန်းက ပြောသည်။ 

 ၎င်းက ဆက်၍ “တပ်မတော်က ကာကွယ်ရေး ဦးစီးချုပ် သွားတဲ့အခါမှာ သူလုပ်ပေးပါ့မယ်လို့ ကတိပြုသွားပြီးတော့ သူလုပ် ပိုင်ခွင့်ရှိတဲ့ နေ ရာကနေ သိန္ဒီကဟောဆိုရင် အဆောက်အဦတွေက မရှိတော့ဘူး။ ပိုင်ဆိုင်မှုတွေကလည်း . . . သူ့လုပ်ပိုင် ခွင့်ရှိတဲ့ နေရာကနေ လုပ်ပေးလို့ ရတယ်ဆိုရင် နိုင်ငံရေးအရဆိုရင် သူက NLD ပါတီထက်ကို သာသွားတာပေါ့။ အသိ အမှတ်ပြုတယ်ဆိုတဲ့ သဘောပေါ့နော်”ဟု ပြောသည်။ 

 Credit: The Irrawaddy

Post a Comment

0 Comments

Total Pageviews