Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ

 ကိုဗစ်ဖြစ်တာလည်း တစ်နှစ်နီးပါးလောက်ဖြစ်လာပြီဆိုတော့ အားလုံးက အိမ်မှာနေရတာ ငြီးငွေ့နေကြပါပြီ။ ကုသဆေးရယ်လို့ တိတိကျကျမရှိတဲ့အတွက် ကာကွယ်ဆေးကသာ မျှော်လင့်ရာပါ။ ခုတော့ ဒီမျှော်လင့်ချက်တွေ ပြည့်တော့မယ့်လို့ ဆိုရမလားပဲ။


နိုဝင်ဘာလထဲမှာတင် ကုမ္ပဏီကြီး နှစ်ခုက ကာကွယ်ဆေးတီထွင်တဲ့နေရာမှာ Phase 3ကို အောင်မြင်သွားတယ်လို့ ဝမ်းသာစရာ ကြားလိုက်ရပါတယ်။ တခြားကာကွယ်ဆေးတွေကလည်း အနှေးနဲ့ အမြန်ဆိုသလို ဆက်တိုက်ထွက်လာကြတော့မှာပါ။ ဒီတိုင်းဆိုရင် မကြာခင် ကိုဗစ်ပြီးဆုံးတော့မှာပါ။


လက်ရှိမှာတော့ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေးနဲ့ Modernaက ထုတ်တဲ့ ကာကွယ်ဆေးကတော့ အပြိုင်အဆိုင်နာမည်ကြီးနေပါတယ်။ ဒီနှစ်ခုရလဒ်တွေ ကောင်းရဲ့လား။ ဘာတွေ ကွာခြားချက်ရှိလဲဆိုတာကို လေ့လာကြည့်ရအောင်။



Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေး

နိုဝင်ဘာလအစက Pfizerနဲ့ BioNTechက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းနဲ့အထက် ကာကွယ်မှုပေးနိုင်တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါဟာ အဆင့်၃ Phase 3 ရလဒ်ပဲ ဖြစ်ပါတယ်။ Phase 3 ဆိုတာက လူတွေအများကြီးပါတင်တဲ့အပြင် ဒီလူတွေက လူမျိုးမတူတဲ့သူတွေ၊ ကျန်းမာရေး အခြေအနေမတူတဲ့ သူတွေ၊ အသက်အရွယ်၊ ကျား/မ စသဖြင့် အမျိုးစုံပါဝင်အောင် စမ်းသပ်ထားတာဖြစ်တဲ့အတွက် ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တယ်ဆိုတာ ကျေနပ်စရာပါ။


ပိုးရဲ့ မျိုးဇီဇကို အခြေခံပြီး ထုတ်ထားတဲ့ mRNA-based ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလေ့လာချက်မှာ လူပေါင်း ၄၃ ၅၃၈ဦးပါဝင်ပြီး ၄၂ရာခိုင်နှုန်းမှာ မတူညီတဲ့ နောက်ခံအခြေအနေ (လူမျိုး၊ ကျန်းမာရေးအခြေအနေ စသဖြင့် )တွေ ရှိနေကြပါတယ်။


ကာကွယ်ဆေးတွေဆိုတာ ရောဂါကာကွယ်ပေးနိုင်ရုံနဲ့ မပြီးပါဘူး။ နောက်ဆက်တွဲဆိုးကျိုးနည်းပြီး လူနာအတွက် စိတ်ချရတာမျိုး ဖြစ်ရပါမယ်။ ဒါကြောင့် လက်ရှိမှာ ကာကွယ်ဆေးက ဘေးကင်းရဲ့လားဆိုတာ စောင့်ကြည့်ပြီး စိတ်ချရရင် ယူအက်စ် FDAကို  Emergency Use Authorization (EUA) အရေးပေါ်အသုံးပြုခွင့် လျှောက်ထားမယ်လို့ ဆိုပါတယ်။


Moderna ကာကွယ်ဆေး

Pfizerနဲ့ မရှေးမနှောင်းမှာပဲ Modernaက သူတို့ရဲ့ ကာကွယ်ဆေးကလည်း ၉၄.၅ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့က ကြေညာလိုက်ပါတယ်။ သူတို့ကလည်း အဆင့် ၃ Phase 3 ကို အောင်မြင်တာပဲ ဖြစ်ပါတယ်။


Pfizerလိုပဲ mRNA-based ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။ အသက် ၁၈နှစ်နဲ့အထက် လူပေါင်း ၃၀၀၀၀ကျော် ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ ၁၁၀၀၀လောက်က အသားအရောင် မတူညီတဲ့သူတွေ ဖြစ်ပြီး ဟစ်ပန်းနစ်၊ လက်တင်လူမျိုး ၆၀၀၀နဲ့ အာဖရိကန်၊ အမေရိကန်လူမျိုး ၃၀၀၀ကျော်ပါဝင်ခဲ့ပါတယ်။ ဒါ့ပြင် အသက်၆၅နှစ်အထက်တွေရော၊ ရောဂါအခံရှိတဲ့ အသက် ၆၅နှစ်အောက်အရွယ်တွေရော စသဖြင့် လူစုံတက်စုံပါဝင်ခဲ့ပါတယ်။


ကာကွယ်ဆေးထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူဆိုပြီး ခွဲစမ်းခဲ့ရာမှာ ပိုးတွေ့သူ ၉၅ယောက်မှာ ၉၀က ဆေးမထိုးထားတဲ့အုပ်စုကဖြစ်ပြီး ၅ယောက်က ဆေးထိုးထားတဲ့ အုပ်စုက ဖြစ်ပါတယ်။ သူသည်လည်းပဲ စိတ်ချရသလားဆိုတာသိဖို့အတွက် စောင့်ကြည့်နေပြီး ယူအက်စ် FDAကို  Emergency Use Authorization (EUA) အရေးပေါ်အသုံးပြုခွင့် လျှောက်ထားမယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်က ၂လလောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။


Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

လတ်တလောမှာတော့ နှစ်ချက်တွေ့ရပါတယ်။


ကာကွယ်ဆေးသိုလှောင်တဲ့ အပူချိန်


ပထမတစ်ချက်ကတော့ လက်ရှိမျာ လူပြောများနေတဲ့ ကာကွယ်ဆေးသိုလှောင်တဲ့ အပူချိန်ကိစ္စပါပဲ။ Pfizer ကာကွယ်ဆေးက အာနိသင် မပျက်အောင် အပူချိန် -၇၀၊ -၈၀လောက်မှာ သိမ်းဆည်းထားရပါတယ်။ ကာကွယ်ဆေးတွေ စဖြန့်ပြီဆိုရင် သူတို့ကို အထူးပြုလုပ်ထားတဲ့ ရေခဲ (dry ice)နဲ့ သယ်ရမှာပါ။ ဒီရေခဲboxတွေက တစ်ခုကို ကာကွယ်ဆေး ၁၀၀၀ကနေ ၅၀၀၀ကြားဆန့်ပါတယ်။  ဒါပေမယ့် ဒီရေခဲboxတွေကို တစ်နေ့ကို နှစ်ကြိမ်ပဲ ဖွင့်ခွင့်ရှိပြီး တစ်ကြိမ်ကို ၃မိနစ်ထက် မပိုရပါဘူး။ ဒါက အပူချိန်ကို ထိန်းထားနိုင်မှာပါ။


နောက်တစ်ခုက ဒီရေခဲboxတွေက စထည့်တဲ့အချိန်ကနေ ၁၀ရက်ပဲ အပူချိန်ထိန်းထားနိုင်ပါတယ်။ ဆေးရုံတွေကို ရောက်တဲ့အခါ အချိန်က လွန်ရောကျွံရော ၅ရက် ၆ရက်လောက်ပဲ ကျန်တော့မှာမို့လို့ တစ်ရက်ကို ကာကွယ်ဆေး ၈၀၀ကျော်ထိုးပေးနိုင်မှ အလေအလွင့်မဖြစ်ဘဲ အာနိသင်အပြည့်ရမှာပါ။


ဆေးရုံတွေမှာ သိမ်းဆည်းမယ်ဆို အဆင့်မြင့် ဖရီဇာကြီးတွေ လိုပါတယ်။ ၆လလောက်သိမ်းပေးထားနိုင်တယ်ဆိုပေမယ့် တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၀၀၀၀နီးပါးရှိပြီး ပစ္စည်းလည်း ရှားတဲ့အတွက် ဆေးရုံတိုင်းအတွက် အဆင်မပြေနိုင်ပါဘူး။


Moderna ကာကွယ်ဆေးကတော့ အရင်ကဆိုရင် အပူချိန် ၂-၈ ဒီဂရီစင်တီဂရိတ်မှာ ၇ရက်ပဲ ထားနိုင်ရာက ခုဆိုရင် ရက် ၃၀ထိ ထားနိုင်ပါပြီ။ -၂၀ ဒီဂရီမှာဆိုရင် ၆လလောက်ထားနိုင်ပါတယ်။ ထိုးဖို့ ဆေးအဖုံးကို ဖွင့်ပြီးရင် အခန်းအပူချိန်မှာ ၂၄နာရီ ခံပါတယ်။ ဒီလောက်ဆို ဆေးရုံတွေမှာ ရှိပြီးသား ရေခဲသေတ္တာတွေနဲ့တင် အာနိသင် မပျက်ဘဲ ထားနိုင်မှာပါ။


ခုခံအားရတဲ့ အချိန်


Pfizer ကာကွယ်ဆေးက ၂၁ရက်ခြားပြီး နှစ်လုံးထိုးရပါတယ်။ ၉၀ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာက ဒုတိယအလုံးထိုးပြီး ၇ရက်အကြာ ရလဒ်ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ကာကွယ်ဆေးကနေ ခုခံအားရဖို့ ၂၈ရက်ပဲ စောင့်ရပါတယ်။


Moderna ကာကွယ်ဆေးကတော့ ၂၈ရက်ခြားပြီး ၂လုံးထိုးရပါတယ်။ ၉၄.၅ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတာဆိုတာကတော့ ဒုတိယအလုံးထိုးပြီး ၂ပတ်အကြာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးခုခံအားရဖို့ စုစုပေါင်း ၆ပတ်လောက် စောင့်ရတာ ဖြစ်နိုင်ပါတယ်။


ကံကောင်းတာကတော့ ကာကွယ်ဆေး နှစ်ခုလုံးမှာ ခုထက်ထိ ပြင်းထန်တဲ့ ဆိုးကျိုးတွေ ရှိမနေတာပါပဲ။


ကာကွယ်ဆေးတွေက ကိုယ်နဲ့ လက်တစ်ကမ်းမှာ ရှိနေပြီလို့ ခံစားရတာ ကျေနပ်စရာပါပဲ။ အဆင့်ဆင့်ခွင့်ပြုချက်တွေ လိုဦးမယ်ဆိုပေမယ့်  ဒါကလည်း လပိုင်းလောက်ပဲ ကြာမှာမို့လို့ မကြာခင်မှာ ကာကွယ်ဆေးတွေနဲ့ ကိုဗစ်ရောဂါဆိုးကြီးကို ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Post a Comment

0 Comments

Total Pageviews