ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ EAOs အဖွဲ့များနှင့်ပတ်သက်သော သဘောထားကြေညာချက်

 ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ EAOs အဖွဲ့များနှင့်ပတ်သက်သော သဘောထားကြေညာချက်

==============

နိုဝင်ဘာ-၂



မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများ၌ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်အစိုးရလက်ထက်အပါအဝင် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန်မှာ ခေတ်အဆက်ဆက်အစိုးရများ၏ ကြိုးပမ်းဆောင်ရွက်မှုအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)များ၏ ငြိမ်းချမ်းရေးရရှိရန်အတွက် စိတ်ဆန္ဒ ပြင်းပြမှုပေါ်တွင်လည်း များစွာတည်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနစ်ကို စတင် အသွင်ကူးပြောင်းခဲ့သည့် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ခဲ့ပါသည်။ လက်ရှိအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ဟု အမည်ပြောင်းလဲ ကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားသော အောင်မြင်မှုများရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။

NCA သုံးနှစ်ပြည့်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထာဝရငြိမ်းချမ်းရေးအား ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ဝယ်အရောက် အပ်နှင်းမည်ဟု ပြောကြားခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် EAOs များက စိတ်ဆန္ဒပြင်းပြမှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါသည်။ ပကတိအခြေအနေတွင် EAOs အချို့က အင်အားတည်ဆောက်၍ ငြိမ်းချမ်းရေးကိုနှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပြုမူလုပ်ဆောင်မှုများကြောင့် ငြိမ်းချမ်းရေး အတွက် နှောင့်နှေးမှုအပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရေွးကောက်ပွဲတွင် ဒေသခံပြည်သူလူထု၏ အခွင့်အရေးတစ်ရပ်ဖြစ်သော လွတ်လပ်စွာဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ယခင်က မြို့နယ် ၉ မြို့နယ်သာ ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ယခုအခါ မြို့နယ် ၁၅ မြို့နယ်နှင့် အချို့မြို့နယ်များ၏ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက်အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှု နှောင့်နှေးစေသည့်အပြင် အချို့ဒေသများ၌ ဒီမိုကရေစီ၏ အရေးပါသည့် တိုင်းရင်းသားပြည်သူများ၏ မဲပေးခွင့်များလည်း ဆုံးရှုံးခဲ့ရပါသည်။ ထို့အပြင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများကို ပြုလုပ်နိုင်ခြင်းမရှိသောကြောင့်လည်း ဒီမိုကရေစီအခွင့်ရေးများ ဆုံးရှုံးခဲ့ရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လွှမ်းမိုးထားသည့် အချို့သော မြို့နယ်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ခန့်အပ်နိုင်မှုမရှိခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ခန့်အပ်ဖွဲ့စည်းနိုင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အတွက် ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့သော် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများ၌ ကြားဖြတ်ရွေးကောက်ပွဲကို  လုံခြုံချောမွေ့စွာဖြင့် ဆောလျင်စွာ ကျင်းပနိုင်လိမ့်မည်ဟု တပ်မတော်က မျှော်လင့်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့နှင့်မသက်ဆိုင်သည့်နေရာများတွင် ဝင်ရောက်နေရာယူခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများမပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပါကလည်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား NCA လမ်းကြောင်းနှင့် အညီ ဆောင်ရွက်သွားနိုင်ရေး တပ်မတော်က  ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

0 Comments

Total Pageviews