လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ

 လိင်ဆက်ဆံတယ်ဆိုတာ စိတ်ကျေနပ်နှစ်သက်မှုအတွက်လို့ ယျေဘုယျအားဖြင့် မှတ်ယူလို့ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးမြောက်သွားချိန်တွေမှာ ရုတ်တရက်ငိုကြွေးကြတာမျိုးတွေက ဖြစ်တတ်တဲ့ ပြဿနာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။


ပုံမှန်အားဖြင့် လိင်ဆက်ဆံပြီးချိန်တွေမှာ လူတိုင်းဟာ စိတ်ကျေနပ်မှု၊ နှစ်ခြိုက်ဖွယ်ရာလိင်အတွေ့အကြုံ၊ ပျော်ရွှင်မှုနဲ့ အပန်းပြေမှုတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဒီလိုမခံစားရတတ်ပါဘူး။ ဝမ်းနည်းတာ၊ စိတ်ပင်ပန်းတာ၊ ဖြေမဆည်နိုင်အောင် မျက်ရည်ကျတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာတွေကို တွေ့ကြုံ ခံစားကြရတာပါပဲ။



လိင်ဆက်ဆံပြီးချိန် ဒီလိုစိတ်ခံစားချက်တွေ ခံစားရပြီး ငိုကြွေးမိတာကို Post-coital Tristesse (PCT) လို့ခေါ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ ဒီပြဿနာမျိုးက အလိုမတူပဲ လိင်ဆက်ဆံခံရလို့ ငိုကြွေးတာနဲ့ မတူပါဘူး။ PCT က စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။


ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်။ PCT ဝေဒနာကို ခံစားရစေတဲ့ နောက်ကွယ်က အကြောင်းတရား ၆ ချက်ရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁။ စိတ်ဓာတ်ကျခြင်း

၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ PCT ဖြစ်စေတဲ့ အဓိက အကြောင်းတရားက စိတ်ဓာတ်ကျခြင်းပါပဲတဲ့။ လိင်ဆက်ဆံမှုပြီးမြောက်သွားချိန်မှာတောင်မှ စိတ်ပျော်ရွှင်မှုကိုမရပဲ ပိုမိုစိတ်အားကျဆင်းပြီး ငိုကြွေးမိတဲ့အဆင့်အထိ ဖြစ်သွားစေတာပါ။


၂။ စိတ်သောကများခြင်း

ငိုကြွေးတယ်ဆိုတာက ပူပင်သောကကို တစ်မျိုးတစ်မည်ပြန်လည်ဖော်ပြခြင်းတစ်မျိုးပါပဲ။ ငိုကြွေးလိုက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေမှုတွေကို လျှော့ချရာရောက်ပါတယ်။ လိင်ကိစ္စ ဒါမှမဟုတ် လိင်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်သောကတွေပြင်းထန်လာတဲ့အခါ ငိုကြွေးမိတာမျိုးဖြစ်တတ်ပါတယ်။ အမျိုးသမီး ၆% ကနေ ၁၆%၊ အမျိုးသား ၉% ကနေ ၂၅% အထိ ဒီလိုဖြစ်ကြလေ့ရှိပါတယ်။


၃။ လွန်ကဲစွာ ခံစားခြင်း

လိင်ဆက်ဆံတဲ့အချိန်တွေနဲ့ ပြီးမြောက်ချိန်တွေမှာ လူတွေရဲ့ စိတ်ခံစားချက်တွေက သတိလက်လွှတ် လွန်ကဲနေတတ်ပါတယ်။ သာမန်အချိန်တွေထက်ပိုပြီး လွန်လွန်ကဲကဲဖြစ်နေတတ်တာပါ။ ဒါပေမယ့် လူသိနည်းတာက ဒီအချိန်မျိုးမှာ စိတ်ထိခိုက်လွယ်လိုက်တာဆိုတာကလည်း အလွန်ပဲလို့ဆိုပါတယ်။


ဒီလိုအချိန်မှာ စိတ်ပင်ပန်းစရာ၊ ဝမ်းနည်းစရာ အတိတ်မျိုးတွေ အဖြစ်အပျက်မျိုးတွေကို တွေးတောမိသွားရင် ငိုကြွေးတတ်ကြပါတယ်။


၄။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ

လိင်ဆက်ဆံရင် နာကျင်တာ၊ ပွန်းပဲ့တာတွေဖြစ်ခဲ့ရင်လည်း ငိုကြွေးတတ်ကြပါတယ်။ ဒါမှမဟုတ် ပြီးမြောက်သွားတဲ့အတွက်လည်း မျက်ရည်ကျတာမျိုးဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ လေ့လာချက်တွေအရဆိုရင် အသက် ၁၆ နှစ်နဲ့ ၇၄ နှစ်အကြားအမျိုးသမီး ၇.၅% ဟာ ပြီးမြောက်သွားချိန်မှာ ငိုကြွေးတတ်ကြတယ်လို့ ဆိုပါတယ်။


ဒါတင်မက လိင်ဆက်ဆံနေချိန်မှာဖြစ်လာတဲ့ အောက်ပါရုပ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ငိုကြွေးမှုကိုဖြစ်စေပါတယ်။


  1. လိင်အင်္ဂါအဝမှာ ပြင်းထန်စွာ နာကျင်တာ
  2. ဆီးအိမ်နာကျင်ခြင်း
  3. ကြွက်သားများ ဆတ်ဆတ်တုန်ခြင်း
  4. ဒါဏ်ရာအနာတရဖြစ်ခြင်း
  5. တင်ပါးဆုံရိုး ယောင်ယမ်းသည့်ဝေဒနာ ရှိခြင်း
  6. ရာသီသွေးဆုံးမှုရဲ့ ဘေးထွက်ဆိုးကျိုးများရှိနေခြင်းတွေပါပဲ။

၅။ ဟိုမုန်း

ပြီးမြောက်မှုကြောင့်ဖြစ်လာတဲ့ ဟိုမုန်းအပြောင်းအလဲတွေဟာ PCT ဖြစ်ဖို့ တွန်းအားပေးတတ်ပါတယ်။ ဒီပြဿနာကိုတော့ ဆေးဝါးနဲ့ ကုစားမှရလေ့ရှိပါတယ်။ အများအားဖြင့်တော့ အရက်သောက်သုံးသူတွေမှာ အဖြစ်များပါတယ်။


၆။ Relationship ပြဿနာ

နောက်ထပ်အဖြစ်များတဲ့ ပြဿနာတစ်ခုကတော့ ဆက်ဆံသူနှစ်ဦးအကြားက Relationship ပြဿနာပါပဲ။ လိင်ဆက်ဆံတယ်ဆိုတာက များသောအားဖြင့် နှစ်ဦးသဘောတူ ချစ်ရည်လူးကြတာဖြစ်ပေမယ့် တခါတစ်လေမှာတော့ မထင်မှတ်ပဲ အဆင်မပြေစရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုပြဿနာမျိုးက ပုံမှန်အားဖြင့် ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပေမယ့် တစ်စံတစ်ယောက်စီမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတယ်ဆိုရင် အဆိုပါပုဂ္ဂိုလ်အနေနဲ့ PCT ဖြစ်ပြီး ငိုကြွေးမိနိုင်ခြေ အလွန်မြင့်မားပါတယ်။


သိထားသင့်သည့် အချက်အလက်များ

လေ့လာချက်တွေအရဆိုရင် ၄၆% သော အမျိုးသမီးတွေဟာ အနည်းဆုံး တစ်ကြိမ်တော့ လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးဖူးကြပါတယ်။ အမျိုးသားတွေကတော့ ၄၁% ရှိပါတယ်တဲ့။


PCT ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး စနစ်တကျကုစားမယ်ဆိုရင် ကုစားလို့ရတဲ့ပြဿနာဖြစ်ပါတယ်။ များသောအားဖြင့်တော့ အမြဲတမ်းဖြစ်နေတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။


ဒါပေမယ့် တစ်ကြိမ်ထက်မက ဖြစ်လာနေပြီဆိုရင်တော့ စနစ်တကျကုစားဖို့လိုအပ်တဲ့ အဆင့်ကို ရောက်နေတာမျိုး ဒါမှမဟုတ် မိမိမှာ တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတာမျိုးတွေဖြစ်နေနိုင်တာကို သတိထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Credit: Hello ဆရာဝန်

Post a Comment

0 Comments

Total Pageviews