ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ ?

 မိမိကိုယ်တိုင် သို့မဟုတ် မိမိပတ်ဝန်းကျင် မှာရှိတဲ့
ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ကို မျှဝေပေးထားပါတယ်။

ကိုယ်ဝန်ပျက်ကျ တာက လနုလေလေ ပိုဖြစ်နိုင်လေလေပါ။ အများစုက ကိုယ်ဝန်ပတ်၂၀မတိုင်ခင်မှာ ပျက်ကျကြတာ များပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ ဘာကြောင့်ပဲ ပျက်ပျက်ပါ။ ကိုယ်ဝန်ပျက်သွားတဲ့ မိခင်ဟာ ဒီအချိန်မှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနေမှာပါ။ သူတင်မကပါဘူး။ သူ့အမျိုးသားရော၊ သူ့မိသားစုပါ ခံစားနေရမှာပါ။ သိပ်ပြီးမျှော်လင့်ထားတဲ့ ကိုယ်ဝန်၊ သားဦးကိုယ်ဝန်ဆို ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ပြီးတဲ့ နောက်ပိုင်းမှာ စိတ်ရော ကိုယ်ပါ အားပေးနေဖို့ လိုပါတယ်။


ကိုယ်ဝန်ပျက်ကျ ပြီးရင် ဘာတွေ ဂရုစိုက်ရမလဲ။

အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာကစပြောရအောင်။ ကိုယ်ဝန်ပျက်ထားတဲ့ အမျိုးသမီးဟာ ကလေးမွေးထားတဲ့ အမျိုးသမီးလိုပါပဲ။ သူ့အတွက် ကိုယ်ဝန်ပျက်ပြီးစ အချိန်ဟာ မီးတွင်းကာလပါပဲ။ ကိုယ်ဝန်ပျက်တာ ဘယ်နှစ်ပတ်မှာ ပျက်တာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိလဲအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် နာလန်ထတာ ကွာနိုင်ပါတယ်။ အဓိက ဂရုစိုက်ရမယ့် အချက်တွေကတော့

သွေးဆင်းတာ

ကိုယ်ဝန်ပျက်ပြီးရင် ကိုယ်လက်  မအီမသာဖြစ်တာ၊ သွေးဆင်းတာက ၂ပတ်ကျော်အထိကြာတတ်ပါတယ်။

-သွေးဆင်းတာအတွက် padsပဲ သုံးပါ။ Tampon မသုံးပါနဲ့။

-သွေးဆင်တာ မရပ်မချင်း အမျိုးသားနဲ့အတူနေတာ၊ ရေကူးတာမျိုး မလုပ်ပါနဲ့။

💎သတိထားရမယ့်အချက်တွေကတော့

သွေးဆင်းတာ သိပ်များလာရင် (တစ်နာရီကို ၁ခု၊ ၂ခုလောက် လဲနေရရင်) ဒါမှမဟုတ် ၂ပတ်ထက်ကြာအောင်  သွေးဆင်းရင်

သွေးခဲတွေ ဆင်းနေရင်

နာကျင်တာ သိပ်ဆိုးရင်

ဖျားရင်

ပိုးဝင်တဲ့ လက္ခဏာရှိနေရင် (ချမ်းတုန်ဖျားတာ၊ မိန်းမကိုယ်က အနံ့ဆိုးတာတွေ ဆင်းရင်) ဆရာဝန်နဲ့ ပြသပါ။


💎တခြားပြောင်းလဲမှုများ

ကိုယ်ဝန်ဆောင်စဉ်က ခံစားရတဲ့ ပျို့အန်တာတွေ သက်သာလာပါတယ်။

ကိုယ်ဝန်ပတ် ၂၀နားမှာ ပျက်ကျခဲ့ရင် ရင်သားတွေ တင်းပြီး နို့ထွက်တတ်ပါတယ်။ ရင်သားက အလိုလို ပြန်သေးသွားပါမယ်။ နို့ထွက်တာအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့ခမ်းဆေး သောက်ရပါမယ်။

စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ

ကိုယ်ဝန်ပျက်ကျပြီးတဲ့ အမျိုးသမီးတွေရဲ့ စိတ်ခံစားမှုက ဒီလိုပါ။

ထိတ်လန့်ပြီး ငြင်းဆန်မယ်။

ရုတ်တရက်ဆို ကြောင်ပြီး လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါက ငါ့မှာ လာမဖြစ်သင့်ဘူးဆိုပြီး အဖြစ်မှန်ကို လက်ခံဖို့ ခဲယဉ်းပါတယ်။

ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မယ်။

ဒီအဆင့်မှာတော့ ဒေါသတွေ ထွက်ပြီး ကိုယ့်ကိုယ်ကိုဖြစ်ဖြစ်၊ ခင်ပွန်း၊ ဆရာဝန်၊ မိသားစုဝင်ကို ဖြစ်ဖြစ် ရမယ်ရှာတတ်ပါတယ်။

စိတ်ဓာတ်ကျပြီး စိတ်ထိခိုက်မယ်။

ဒီလိုသောင်းကျန်းနေရာကနေ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျပြီး အချိန်တိုင်း ငိုပဲ ငိုနေမယ်။ ဘာမှလည်း မလုပ်ချင်ဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။ နောက်ထပ် ကလေးထပ်မရနိုင်လောက်ဘူးဆိုပြီး စိတ်ထိခိုက်ဝမ်းနည်းနေမှာပါ။

လက်ခံသွားတယ်။

ဒီလိုကနေ အချိန်ကြာလာတဲ့အခါ တဖြည်းဖြည်းချင်း လက်ခံသွားတယ်။ မေ့သွားတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း လက်ခံပြီး လုပ်နေကြအလုပ်တွေကို ဆက်လုပ်နိုင်သွားတာပါ။

ဒါက စိတ်ထိခိုက်မှု တစ်ခုခုနဲ့ ကြုံရရင် ခံစားရတဲ့ အဆင့်တွေပါ။ အချိန်တန်ရင် ပျောက်သွားတယ်ဆိုပေမယ့် အချိန်မတိုင်ခင်မှာတော့ သူတော်တော်ခံစားရမှာမို့လို့ မိသားစုဝင်တွေရဲ့ အားပေးမှုက အရေးကြီးပါတယ်။

နောက်ထပ် ကိုယ်ဝန်ပြန်ဆောင်မယ်ဆိုရင်

ကိုယ်ဝန်ပျက်ကျပြီး မကြာခင်မှာ ကိုယ်ဝန်ဆောင်ဖို့ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ သူနဲ့ ဆန့်ကျင်ဘက် ကိုယ်ဝန်ပျက်ကျထားတာကြောင့် ကိုယ်ဝန်ထပ်မရနိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။ ကိုယ်ဝန်ပျက်ပြီးလည်း နောက်ထပ် ကျန်းမာတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ကိုယ်ဝန်မရခင် စပ်ကြားမှာ

အားပြည့်အောင်နေပါ။

လတ်တလောမှာ ကိုယ်ဝန်မယူသေးဘူးဆိုရင် တားဆေးသုံးပါ။

စိတ်ရော ကိုယ်ပါ အနားရမှ ကိုယ်ဝန်ပြန်ယူဖို့ စဉ်းစားပါ။

ပြန်ယူမယ်ဆိုရင် ကြိုပြီး သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။ လိုအပ်တဲ့ အားဆေးတွေ သောက်ပါ။

Credit to original uploader.

Post a Comment

0 Comments

Total Pageviews