နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့်  မိန့်ခွန်း

========================

ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများခင်ဗျာ

တပ်မတော်ဟာ  ခေတ်အဆက်ဆက်  ပြည်သူနဲ့ပတ်သက်လာလျှင်  “ ပြည်သူသာအမိ၊  ပြည်သူသာအဖ ”  ဆိုတဲ့ ဆောင်ပုဒ်ကို  ဦးထိပ်ထား ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။  နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိတဲ့ အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ကပင် ပြည်သူတို့ လိုလားတောင်းဆိုတဲ့   “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ် အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်မှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ခိုင်မာစေရေး အတွက် အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့  တစ်တိုင်းပြည်လုံးသို့ပြောကြားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ “၂၀၂၀ ပြည့်နှစ်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့နှစ် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မယ့် နှစ်ဖြစ်လို့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အရေးကြီးကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်စေရေး၊ နိုင်ငံရေးဆောင်ရွက်ရာမှာ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ရိုးသားစွာဆောင်ရွက်ကြ စေရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ “ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိဘူး၊ ရိုးသား တဲ့ နိုင်ငံရေး၊ တရားမျှတတဲ့နိုင်ငံရေးကိုသာ လိုချင်ပါတယ်” လို့ ပြောခဲ့ပါ တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး မှာလည်း ဒီမိုကရေစီစနစ်တည်ဆောက်ရာမှာ “ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိ” ဆိုတဲ့ စကားရပ်ဟာ ဒီမိုကရေစီအုတ်မြစ် တည်တံ့ခိုင်မြဲ စေဖို့ အခြေခံလိုက်နာရမယ့်အချက်ဖြစ်သလို နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဆောင်ရွက်ရာမှာလည်း အမျိုးသားအကျိုးစီးပွား၏အထက်မှာမည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှမရှိ” ဆိုတာ ခံယူရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါတွေပြောဆိုရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူ တို့ လိုလားတောင့်တပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာပြီး စနစ်တကျ ရေရှည်တည်တံ့စေဖို့ အတွက်ပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့မှာ ၄ ကြိမ်ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲများမှာ သာမန် အငြင်းပွားမှုတွေရှိခဲ့ပေမယ့်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှအပ       ကျန်ရွေးကောက်ပွဲများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ တရားမျှတစွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နှစ်ဦးနှစ်ဖက်ကျေနပ်မှုများရှိခဲ့ပြီး ဒီမိုကရေစီခရီးကို ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တော့ မဲဆွယ်ကာလကတည်းက နိုင်ငံရေးပါတီတွေရဲ့မူဝါဒများကို မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားကထုတ်လွှင့်ရာမှာ UEC က Censor ဖြတ်တောက် မှုတွေ၊ COVID-19 အကြောင်းပြပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို ကြေညာချက် အမျိုးမျိုးထုတ်ပြီး ဆောင်ရွက်ခဲ့တာတွေ၊ တရားမျှတတဲ့ မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့တာတွေဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ကတော့ ကြိုတင် မဲများနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ ထက်မနည်း မိမိနေရာ ဌာနရဲ့ ပြင်ပမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေ၊ တပ်ပြင်ပ တာဝန်ထမ်းဆောင်နေရသူများကို စာရင်းတိတိကျကျပေး ဆောင်ရွက်ခဲ့ပါတယ်။ UEC က တပ်မတော်သားများနဲ့ မိသားစုဝင်များ မဲပေးတဲ့ အခါမှာ မဲရုံတွေကို တပ်ပြင်တွေမှာပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုကျွန်တော် ချက်ချင်းလိုက်နာခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်အပါအဝင် တပ်ပြင်ပမှာပဲ လွတ်လပ်စွာ ပြည်သူနဲ့ တစ်သားတည်း  မဲပေးခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးကာလမှာလည်း အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီဖြစ်ပါတယ်။ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၁၇ မှုရှိပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဖြေရှင်းပေးဖို့ UEC ကို ရွေးကောက်ပွဲ မတိုင်မီကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ပါတယ်။ မြို့နယ်တစ်ခုချင်းအတွင်း ထပ်နေတဲ့မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ မြို့နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်းတွေ စုစုပေါင်း ၁၀,၄၈၂,၁၁၆ (၁၀ သန်း ၄ သိန်းကျော်) တွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၁,၉၄၃ ဦး၊ နိုင်ငံသားစိစစ်ရေးကဒ် မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄,၆၄၈,၂၇၀ ဦး(၄ သန်း ၆ သိန်းကျော်)နဲ့ အသက် ၁၀၀ နှစ်နှင့်အထက်မဲစာရင်း ၁၈,၃၅၆ ဦး ပါဝင်ပါတယ်။ UEC အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ရာမှာလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ်ပြန်ရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေဟာ ၃၇,၅၇၂,၅၂၁ ဦး (၃၇ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ အောက်တိုဘာ လ ၂ ရက်နေ့ ထုတ်ပြန်ရာမှာတော့ ၃၈,၅၂၉,၁၉၈(၃၈ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းကာလ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကတစ်ဆင့် သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများကို ပေးပို့တဲ့စာရင်းများအရ  ၃၉,၂၇၇,၂၁၄ (၃၉ သန်း ၂ သိန်းကျော်) ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၃၈,၂၇၁,၄၄၇ (၃၈ သန်း ၂ သိန်းကျော်)ဖြစ်ပါတယ်။ ဒီလိုအမျိုးမျိုးဖြစ်နေတာဟာ စဉ်းစားစရာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ရရှိတဲ့ မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့နှုန်းများကို အခြေခံပြီး လူဦးရေ နည်းပညာနဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိရမယ့် အသက် ၁၈ နှစ် နှင့်အထက် ခန့်မှန်း လူဦးရေ စာရင်းမှာ ၃၆,၉၆၃,၆၅၉ ဦး (၃၆ သန်း ၉ သိန်းကျော်)ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်ကာလနောက်ပိုင်း UEC ကထုတ်ပြန် သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၉ သန်း ၂ သိန်းကျော်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ရှိရမယ့် လူဦးရေစာရင်းထက် ၅ သန်း ၄ သိန်းကျော်နဲ့ လူဦးရေနည်းပညာဖြင့် ခန့်မှန်းတွက်ချက်ထားတဲ့စာရင်း ထက် ၂ သန်း ၃ သိန်းကျော် ပိုနေတာကို တွေ့ရှိရပါတယ်။ ဒါတွေဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ ပကတိအချက်အလက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စည်းကမ်း ပြည့်ဝစစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စိတ်ခံစားမှုဆိုတာထက် လက်တွေ့ အချက်အလက်တွေကို ဦးတည်ကြဖို့ ပြောကြားလိုပါတယ်။

၂၀၁၅ နဲ့နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲများအပေါ် တွေ့ရှိချက်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၆၉.၆၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးမှုရာခိုင်နှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွားပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲမှာတော့ ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၁၄ ရာခိုင်နှုန်း ကျော်ကျော်သာရှိခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၇၁.၀၆ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ချက်များအရ သိရပါတယ်။ ယခင်ရွေးကောက်ပွဲနဲ့ မတူတာက COVID-19 ပြန့်ပွားနေတဲ့ကာလမှာဖြစ်ပါတယ်။ ဒါကိုပဲ သုံးသပ်ကြည့်ပါ။

ပြည်သူလူထုအနေနဲ့ တာဝန်ရှိသူများရဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု အမှားများအပေါ် မည်သို့သဘောထားကြောင်း တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း မဲမပေးရေး (No Vote) လှုပ်ရှားမှု များ ပေါ်ပေါက်လာကြောင်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရောက်တဲ့နေရာတိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဟာ အသက်ဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးကြဖို့ အမြဲတိုက်တွန်း နှိုးဆော်ပြောကြားခဲ့ပါတယ်။

အဲဒီလိုတွေ့ရှိချက်တွေ၊ မဲမသမာမှုစာရင်းတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို စိစစ်မေးမြန်းလျက်ရှိပါတယ်။ မှားယွင်းနေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ စာရင်းတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ပြည်သူတို့လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီစနစ် ခိုင်မာဖို့ အတွက် အခက်အခဲများစွာရှိပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်များနှင့်အညီ UEC ၊ လွှတ်တော်နဲ့ သမ္မတတို့ထံ မဲစာရင်းများ ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ အဆင့်ဆင့် တာဝန်ပျက်ကွက်ခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ နောက်ဆုံးအချိန်ထိ ဥပဒေနဲ့အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းစဉ်ကို ကိုင်စွဲ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလည်း တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွေကနေတစ်ဆင့် ပြည်သူလူထုကို ကမ္ဘာသိ တင်ပြခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန် ခံမှုတွေ ပျက်ကွက်ခဲ့တာရှိပါတယ်။ ဒါ့ကြောင့်လည်း စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ အရေးပေါ်အခြေအနေ ကြေညာ ပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ်ကာလမှာ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်မည့်အချက် (Road Map) ၅ ချက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချက် ၅ ချက်နဲ့ လုပ်ဆောင်နေမှုတွေကိုလည်း ကျွန်တော် တိုင်းရင်းသားမိဘပြည်သူများကို တင်ပြပါမယ်။

(တစ်)  -  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ UEC အသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ မဲစာရင်းတွေ စစ်ဆေးလျက်ရှိပါတယ်။ အမြန်ဆုံးထုတ်ပြန်ပေးသွားပါ မယ်။ ဒီနေရာမှာ ထူးခြားနေတာက  ယခင် UEC က တတိယ အကြိမ်မဲစာရင်း ထုတ်ပြန်ခဲ့တယ်ပြောပါတယ်။ လက်တွေ့ စစ်ဆေးကြည့်ရာမှာ တတိယအကြိမ် မဲစာရင်းဆိုတာ ယခုထိမတွေ့ပါဘူး။ တွေ့ရရင်လည်း အတည်ပြုလုပ်ဆောင်ပါမယ်။ ဒုတိယအကြိမ် မဲစာရင်း ကိုပဲ ပြန်လည် လုပ်ဆောင်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

(နှစ်)   -   လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်လျက် ရှိပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒီအခက်အခဲကို ပြည်သူလူထုနဲ့ အတူ လက်တွဲကျော်လွှားပါမယ်။ ပြည်သူများ လှူဒါန်း ထားတဲ့ COVID-19 အလှူငွေတွေကို ကျွန်တော်တို့ ယခင်အတိုင်း စနစ်တကျ ထိန်းသိမ်းထားပါတယ်။ ထပ်မံ လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်အပ်ပါ တယ်။ အကျိုးရှိရှိ၊ ထိထိ ရောက်ရောက်၊ ပွင့်လင်း မြင်သာစွာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကာကွယ် ကုသခြင်း အပိုင်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားပါမယ်။ ထပ်မံရရှိရေး ဆောင်ရွက် ပါမယ်။ ကျေးလက်နေပြည်သူများ၊ ရဟန်းသံဃာများ ပါမကျန် မြန်မာနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။

(သုံး)   -   COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားရေးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ကျွန်တော်နဲ့ ကျွန်တော့်ကောင်စီဝင် တွေဟာ ၄၈ နာရီအတွင်းမှာ မြန်မာနိုင်ငံ ကုန်သည် များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ တွေ့ဆုံခြင်း၊ ဘဏ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ပြီး နိုင်ငံ့စီးပွားရေး အမြန် ဦးမော့လာစေရေး ဆွေးနွေးညှိနှိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုမှန်သမျှကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်။ မြန်မာ့ မိတ်ဖက် နိုင်ငံများ၊ စိတ်ဝင်စားမှုရှိတဲ့နိုင်ငံများရဲ့ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ကြိုဆိုကြောင်း အသိပေးလိုပါတယ်။ ယခင်သဘောတူညီချက်တွေကို ကျွန်တော်တို့ ဥပဒေ နဲ့အညီ လိုက်နာဆောင်ရွက်သွားပါမယ်။ ယခင်အစိုးရက မူအားဖြင့် သဘောတူပြီးဖြစ်တဲ့၊ ခွင့်ပြုချက် စောင့်ဆိုင်း နေဆဲ လုပ်ငန်းများကို အမြန်ခွင့်ပြုချက်ရရှိစေရေး ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားရတဲ့ နိုင်ငံဖြစ်လို့ ၎င်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပို့ကုန်များ အမြန်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(လေး)  -  တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိရေးဟာ ကျွန်တော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒဖြစ်ပါတယ်။ မဖြစ်မနေ ဆက်လက်ဆောင်ရွက် ပါမယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို တိုးချဲ့ဖွဲ့စည်း ခဲ့ပါတယ်။ ကျွန်တော်တို့ တာဝန်ယူရတဲ့ ကာလ အတွင်းမှာ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားပါမယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ EAO များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

(ငါး)   -    အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းပုံကိုကြည့်ပါ။ ကျွန်တော်အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၈ ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်တဲ့ အရပ်သား ၈ ဦး၊ ပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်း ထားပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကောင်စီများကိုလည်း ဒေသ ခံများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားပါတယ်။ တပ်မတော်က ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တာဝန်ယူစဉ်ကာလ ဖွဲ့စည်းပုံများနဲ့ များစွာ ကွာခြားပါတယ်။ ကျွန်တော်တို့ မလွှဲမရှောင် သာသော အကြောင်းများကြောင့်သာ အရေးပေါ်ကာလ မှာ တာဝန်ယူထားရခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်အရ ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ်နဲ့ အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရမယ်လို့ ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားတဲ့ ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ် ပါဘူး။ လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အတိုင်း မပြောင်းလဲဘဲ ဆက်လက် တည်ရှိပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသွားမှာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်။ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွား မှာဖြစ်လို့ မည်သည့်ထိခိုက်မှုမှရှိမှာ မဟုတ်ကြောင်း ပြောကြားလိုပါ တယ်။ လုပ်ငန်းရှင်များအနေနဲ့ အခွင့်အရေးရရှိရေးအတွက် မတော် မတရား မလုပ်ကြဖို့ဘဲ တိုက်တွန်းလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ဟာ တိုင်းရင်းသား ပြည်သူလူထု လူတန်းစားအလွှာ ၈ လွှာက ကိုယ်စားလှယ်ပေါင်း ၇၀၀ ကျော်နဲ့ နှစ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီးမှ ပေါ်ထွန်းလာခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့ အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ မမှိတ်မသုန်ကာကွယ်သွားပါမယ်။ ဆက်လက် အကောင်အထည်ဖော် အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထု စိတ်ချမ်းမြေ့ စွာ မိမိတို့ ယုံကြည်ရာ ဘာသာရေးကိစ္စများကို ဆောင်ရွက် နိုင်ရေး ဘုရား၊ စေတီများ၊ ဘာသာရေးအဆောက်အဦများကိုလည်း ဒီနေ့ကစပြီး နိုင်ငံတစ်ဝှမ်းလုံး ဖွင့်လှစ် ပေးလိုက်ပါပြီ။ COVID-19 စည်းမျဉ်းစည်းကမ်းများနဲ့အညီ နိုင်ငံသားပီသစွာ ဆောင်ရွက်သွား ကြပါလို့ ကြည်နူးဝမ်းမြောက်စွာ သတင်းစကားပါးလိုက်ရပါတယ်။ နိုင်ငံ သူ၊ နိုင်ငံသားများရဲ့ ပညာရေး နောက်မကျစေဖို့အတွက်လည်း စာသင် ကျောင်းများကို COVID-19 စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဖွင့်လှစ်နိုင် ရေး အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားပါမယ်။ နိုင်ငံ့အနာဂတ်ကို ဆက်လက်ထမ်းဆောင်ရမယ့် ကျောင်းသူ၊ ကျောင်းသားများအားလုံး ကျောင်းတက်ဖို့ စတင်ပြင်ဆင်နိုင်ကြပါပြီ။ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ဘူးဆိုရင် ဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာစေဖို့ ဆက်လက်ဆောင်ရွက်ပါမယ်။ ပိတ်ထားရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို COVID-19 စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ပြန်ဖွင့်ပေးသွားပါမယ်။ COVID-19 ကပ်ရောဂါကြောင့် ပြည်ပမှာ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စတင်ဆောင်ရွက် နေပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူများ ကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်များနဲ့ အညီ ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်ချက်နဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP Camp) များကိုလည်း အဖြစ်နိုင်ဆုံး နေရပ်ပြန်စေရေး ဆွေးနွေးဆောင်ရွက်သွားပါမယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲ အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ယခုလည်း စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားလာရေး ဆောင်ရွက်လျက်ရှိနေပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စုပေါင်းဖွဲ့စည်းမှု၊ ဆွေးနွေး ညှိနှိုင်းအဖြေရှာမှု နည်းလမ်းတွေကိုသာအသုံးပြုပြီး မြန်မာနိုင်ငံ၊ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ခံစားမှု ထက် ပကတိအချက်အလက်များ၊ အမှန်တရားများကိုရှေးရှုပြီး လက်တွဲ ညီ ဆောင်ရွက်သွားပါစို့လို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။

 https://dsinfo.org/node/245

Post a Comment

0 Comments

Total Pageviews